ဖောင်တော်ဦး ဘုရားပွဲ အကျဉ်းချုံးကျင်းပ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်။
ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ သီတင်းကျွတ်လဆန်း ၁ ရက်နေ့မှာ စတင်ပြီး ကျင်းပလေ့ရှိသည့် အင်းလေး ဖောင်တော်ဦးဘုရား ဒေသစာရီကြွချီတော်မူသည့် ပွဲတော်အခမ်းအနားကို ထုံးတမ်းအစဉ်လာမပျက် အကျဉ်းချုံးပြီးသာ ကျင်းပခဲ့ရသည်ဟု ဒေသခံများ က ပြောသည်။
နှစ်စဉ်ကျင်းပတဲ့ ဖောင်တော်ဦးဘုရား ဒေသစာရီကြွချီသည့် ဘုရားပွဲ မရှိသည်မှာ COVID-19 ကပ်ရောဂါ စတင် ဖြစ်ပွားခဲ့တဲ့ ၂၀၂၀ ခုနှစ် မှ ယခု ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့ အထိ ၃ နှစ်ကြာ ရှိပြီဟု ဒေသခံများက ပြောသည်။
ဖောင်တော်ဦးဘုရားအနီးရှိ သာလေးကျေးရွာက ဦးအောင်ဇော်မိုးက “၃ နှစ်ရှိပြီဆို တော့ စိတ်မကောင်းဘူး။ ပုံမှန်တော့ တစ်အင်းလုံး မိရိုးဖလာလိုနေတာလေ။ ဒီ ဘုရားကြွတဲ့ အချိန်ဆို ပျော်တာပေါ့။ ဘုရားကြွတော့ ကံကောင်းခြင်းတွေလာတာပေါ့။ လာမဖူးနိုင်တဲ့ ရွာတွေကလည်း ဘုရားဒေသစာရီကြွလို့ရှိရင် နီးစပ်ရာ ၂၁ ဌာနကြွတာကိုး။ နီးစပ်ရာဌာနတွေမှာ ဖူးလို့လည်း ရတယ်။ ပြီးရင် ဘုရားကြွတဲ့အချိန်ဆို ရွှေသင်္ကန်းလည်း ကပ်လို့ရတယ်။ အခုကတော့ ဖောင်တော်ဦးဘုရားပေါ်မှာကတော့ ရွှေကကပ်လို့မရဘူး။ ပိတ်ထားတာ” ဟု ပြောသည်။
အင်းလေး ဖောင်တော်ဦးဘုရား ဒေသစာရီကြွချီခြင်း မရှိသော်လည်း အစဉ်လာမပျက် အကျဉ်းချုံး ကျင်းပခဲ့ခြင်း ဖြစ်သည်။
ဒေသစာရီမကြွချီနိုင်သည့် ၂၀၂၀ ခုနှစ်နှင့် ၂၀၂၁ ခုနှစ် ကာလများအတွင်း ဖောင်တော်ဦးဘုရား ရုပ်ပွားတော် မြတ် မပါဘဲ ကိုယ်စားအငှါးသဘောဖြင့် အခြားရုပ်ပွားတော်မြတ်များကို အစားထိုးကာ ဘုရားဆွဲလှေအချို့၊ ဖောင်လှေ အငယ်များနှင့် ကြွချီပြီး အကျဉ်းချုံးသာ ကျင်းပခဲ့ကြရသည်ဟု ဦးအောင်ဇော်မိုးက ပြောဆက် ပြောသည်။
သို့သော် ယခု ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် ကျင်းပသည့် အခမ်းအနားမှာ ဖောင်တော်ဦး ဘုရား ကိုယ်စားရုပ်ပွားတော်များ ရွှေအင်းတိန်ဒေသအထိ ကြွချီခြင်းမရှိပဲ ဘုရားရှေ့တွင် ပင့်ထားပြီး သဘော တရားတခု အနေဖြင့် အကျဉ်းချုံးပြီး ပြုလုပ်ခဲ့ရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“နောက် ဆွဲလှေတွေ ဆွဲကြတာပေါ့။ ဒီနှစ်ကတော့ မကြွဘူး။ မနှစ်ကတော့ အင်းတိန်အထိ ဖောင်လှေနဲ့ ကြွ တယ်။ ဒီနှစ်ကတော့ မကြွဖြစ်ဘူး။ ဘုရားရှေ့မှာတင် ဆွဲလှေ ၁၀ စီးလောက်က လာကြိုတယ်။ ဘုရားရှေ့မှာ ပဲ လာကြိုကြတာ။ အခု ဓမ္မစကြာ ၄-၅ စီးလောက်က အင်းတိန်ကို သွားတယ်။ ဒီနှစ်ကတော့ ခြောက်ခြောက် ကပ် ကပ်ပေါ့။ ဆွဲလှေတွေက ဘုရားရှေ့မှာတင် ပြန်သွားတယ်လေ။ ဆွဲလှေတွေ ကပ်ရင်လည်း သူကလည်း စပွန် ဆာ လိုတာကိုး။ ဟိုရောက်ရင် မောတယ်လေ။ ကျွေးမွေးမယ့်သူ လိုတယ်။ အရင်တုန်းက ဆွဲလှေတွေကို ထမင်း ထုပ်၊ ရေဘူး၊ မုန့်တွေ ကမ်းတဲ့လူရှိတယ်။ အခုက အဲ့ဒါတွေမရှိဘူး။ ဘုရားလည်းမပါဘူး။”
ယခု အကျဉ်းချုံးကျင်းပခဲ့ရသည့် ဖောင်တော်ဦးဘုရား ဒေသစာရီကြွချီသည့် ဘုရားပွဲတော်ကို COVID-19 မဖြစ်ခင်က ဘုရားဆွဲလှေများ၊ ဆွမ်းတော်ကြီး ဖောင်လှေများ၊ ဓမ္မစကြာဖောင်လှေများနှင့် ရွှေအင်းတိန်အထိ ကြွချီကာ စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြခြင်း ဖြစ်သည်ဟု သိရသည်။
ဒေသခံတစ်ဦး က “ဘုရားပွဲ ဖြစ် လို့ရှိရင် ဒီနားကလူ အကုန်လုံး ဝယ်ကြခြမ်းကြ၊ ရောင်းသူတွေလည်း ဘုရား အမှီပြုပြီး ရောင်းကြပေါ့။ ဒီနှစ်တော့ အကုန်ပျက်တာပေါ့။ အလုပ်ကိုင်တွေရှားပါး ကုန်ဈေးနှုန်းတွေလည်း ကြီး” ဟု ပြောသည်။
ယခုနှစ် ဘုရားပွဲတော်ရာသီချိန်တွင် COVID-19 ရောဂါ ဖြစ်ပွားမှု အခြေအနေ လျော့ကျနေသော်လည်း ကုန်ဈေး နှုန်းများ မြင့်တက်နေမှုကြောင့် လှုဒါန်းသူများလည်း မရှိသလောက် နည်းပါးကာ ဖောင်တော်ဦးဘုရားက ရွှေအင်း တိန်အထိ မကြွချီနိုင်တော့ဘဲ ဘုရားရှေ့မှာတင် ပြီးစီးခဲ့ရသည်ဟု နီးစပ်သည့် ရွာခံပြည်သူများ က ပြောသည်။
အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီကြွချီသည့် ပွဲတော် အခန်းအနားမှာ သီတင်းကျွတ်လဆန်း ၁ ရက်နေ့ တွင် ရွှေအင်းတိန်ကို စတင်ကြွချီကာ အင်းလေးတခွင် ၂၁ ဌာနကို ၁၈ ရက်ကြာ ကြွချီပြီးနောက် လပြည့်ကျော် ၃ ရက်နေ့တွင် ရတနာစံကျောင်းတော်ကို ပြန်ဝင်ကာ ပြီးဆုံးခြင်း ဖြစ်သည်။
အဆိုပါ ဖောင်တော်ဦးဘုရား ဒေသစာရီ ကြွချီသည့် ဘုရားပွဲတော်မှာ မြန်မာနိုင်ငံ၏ ထင်ရှားသည့် ဘုရားပွဲတော် များအနက် တစ်ခု အပါအဝင်ဖြစ်ပြီး နိုင်ငံခြားသားများပါ လာရောက်ကြလေ့ရှိသည့် ပွဲတော်ကြီး တစ်ခုဖြစ် သည်။