မွန်ပြည်နယ်တွင် လင်မယား သေနတ်ပစ်ခံရပြီး ဇနီးဖြစ်သူ သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့နေ ဦးအေးလွင်နှင့် ဇနီးဖြစ်သူတို့ ပစ်ခတ်ခံရပြီး ဇနီးဖြစ်သူ သေဆုံး သွားသည်ဟု မြို့ခံများက ပြောသည်။
သိမ်ဇရပ်မြို့၊ အမှတ် (၄) ရပ်ကွက်နေ ဦးအေးလွင်နှင့် ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်သန်းတို့ကို အမည်မသိ သေနတ် သမားများက စက်တင်ဘာ ၂၅ ရက်နေ့၊ ညနေ ၃ နာရီဝန်းကျင် အချိန်ခန့်က နေအိမ်များတွင် လာရောက်ပစ်ခတ် သွားခဲ့ခြင်း ဖြစ်သည်။
”သူတို့ လင်မယား အိမ်မှာရှိနေတဲ့အချိန်မှာပဲ သေနတ်သမားတွေက probox ကားနဲ့ ရောက်လာပြီးတော့ ဝင် ပစ်သွားတယ်။ နှစ်ယောက်စလုံးကို ပစ်သွားတာ။ အမျိုးသမီးကတော့ အဲ့နေရာမှာပဲ သေသွားတယ်” ဟု နီးစပ် သည့် မြို့ခံတစ်ဦးက ပြောသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်သန်းသည် ဦးခေါင်းတွင် ရရှိခဲ့သည့် ဒဏ်ရာဖြင့် အခင်းဖြစ်ပွားသည့် နေရာတွင် သေဆုံးသွားခဲ့ပြီး ဦးအေးလွင်မှာ ဒဏ်ရာရရှိသွားခဲ့သည်။
ပခုံနှင့် ဦးခေါင်းတို့တွင် ဒဏ်ရာများ ရရှိခဲ့သည့် ဦးအေးလွင်ကို လက်ရှိတွင် သိမ်ဇရပ်တိုက်နယ်ဆေးရုံတွင် ပို့ဆောင်ပြီး ဆေးကုသပေးထားရသည်ဟု မြို့ခံများ၏ ပြောပြချက်အရ သိရသည်။
ဦးအေးလွင်နှင့် ဇနီးဖြစ်သူတို့ ပစ်ခတ်ရသည့်ဖြစ်စဥ်ဖြစ်ပြီးနောက် သိမ်ဇရပ်မြို့တွင် စစ်ကောင်စီတို့က လုံခြုံရေး တင်းကြပ်ထားသည့်အပြင် ရှာဖွေစစ်ဆေးမှုများလည်း လုပ်ဆောင်နေသည်ဟု မြို့ခံများက ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် သိမ်ဇရပ်မြို့အပါအဝင် ကျိုက်ထိုမြို့နယ်အတွင်း အုပ်ချုပ်ရေးမှူးများ၊ သတင်းပေး ဒလန်ဆိုသူများ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီဝင်များ ပစ်သတ်ခံရသည့်ဖြစ်စဥ်များ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။