စစ်တပ်သတင်းပေးများအား သတိပေးစာ ကပ်ပြီးနောက် ဒေသခံ ၁၈ ဦး ဖမ်းခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်။

ဧရာဝတီတိုင်း၊ လပွတ္တာမြို့ အဝင် စစ်ကောင်စီ စစ်ဆေးရေး ဂိတ်အနီး ကျေးရွာထိပ်က ဗန်ဒါပင်တွင် စစ်တပ် သတင်းပေး ဒလန်များကို သတိပေးစာ ကပ်ပြီးနောက် တပတ်ခန့်အတွင်း လူငယ် ၈ ဦး အပါအဝင် ဒေသခံ ၁၈ ဦး ခန့် အဖမ်းခံထားရသည် ဟု သိရသည်။

စက်တင်ဘာလ ၂၀ ရက်နေ့မှ စတင်၍ စက်တင်ဘာလ ၂၅ ရက်နေ့အတွင်း စစ်ကောင်စီ စစ်ဆေးရေးဂိတ် အနီး ရှိ ကျောက်မှော်ကျေးရွာအုပ်စု၊ သဲကုန်းကျေးရွာ ဒေသခံ ၁၀ ဦး နှင့် မြို့တွင်း ရပ်ကွက်များက လူငယ် ၈ ဦး ခန့်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးထားသည် ဟု ဒေသခံများက ပြောသည်။

“ဒလန်တွေက ချောက်တွန်း လက်ညှိုးထိုးတဲ့ သူတိုင်းကို စစ်တပ်က လိုက်ဖမ်းနေကြတာ” ဟု ဒေသခံတစ်ဦး က ပြောသည်။

စက်တင်ဘာလ ၁၈ ရက်နေ့က စစ်ကောင်စီ စစ်ဆေးရေးဂိတ်အနီး သဲကုန်းကျေးရွာထိပ်က ဗန်ဒါပင်နေရာတွင် “ဒီရွာက စစ်တပ်သတင်းပေးတွေ မိသားစုနဲ့ အသက်ခန္ဓာ အိုးစားမကွဲချင်ရင် သတိထား” စာတန်းပါသည့် စာ အကပ်ခံပြီးနောက် ယခုကဲ့သို့ ဖမ်းဆီးခံကြရခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသူများ တစ်ဦးတစ်ယောက်မှ ပြန်မလွှတ်သေးပဲ စစ်ကောင်စီက တပ်စွဲထားသည့် လပွတ္တာ မြို့လယ် က သာသနာဗိမ္မာန်တွင် ဖမ်းဆီးချုပ်နှောင်ပြီး စစ်ဆေးနေသည်ဟု ရဲတပ်ဖွဲ့ က ပြောသည်ဟု ဖမ်းဆီးခံ မိသားစု များနှင့် နီးစပ်သူများက ပြောသည်။

စွပ်စွဲ ဖမ်းဆီးခံထားရသူ ၁၀ ဦး အနက် အသက် ၆၀ ကျော် ဦးကုလား နှင့် အမျိုးသားနှစ်ဦးမှာ အဖမ်းမခံရခင် ကတည်းက ကျန်းမာရေး မကောင်းသဖြင့် စိုးရိမ်နေရသည်ဟု မိသားစုဝင်များ က ပြောသည်။

ဖမ်းဆီးခံသူများ၏ မိသား စု ဝင်တစ်ဦး က “မြိုလယ် က သာသနာ ဗိမ္မာန် စစ်ကြောရေးစခန်းမှာ စစ်နေတယ် လို့တော့ သိရတယ်။ အဲ့ဒီထဲက ဆဲဆို ကြိမ်း မောင်းသံတွေ ငယ်သံပါအောင် အော်တဲ့အသံတွေ ကြားနေရတော့ စိုးရိမ်တယ်” ဟု ပြောသည်။

သတိပေးစာ ကပ်ပြီးနောက်ပိုင်း လက်ရှိအခြေအနေတွင် လပွတ္တာမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့က ၃ မိုင် ဂိတ်အပါ အဝင် မြို့အဝင်အထွက် ဂိတ်များတွင် လုံခြုံရေး ပိုမိုတင်းကြပ်လာသည့် အပြင် မြို့ပေါ် ရပ်ကွက်များတွင် နေ့စဉ် ရက်ဆက် ဧည့်စာရင်းစစ်နေသည် ဟု ဒေသခံများ၏ ပြောပြသည်။

လပွတ္တာမြို့အဝင် စစ်ဆေးရေးဂိတ်အနီး ၃ မိုင် မြို့သစ် လမ်းနဘေးတွင်ရှိသည့် သဲကုန်းကျေးရွာမှာ ၂၀၀၈ ခုနှစ် က ဧရာဝတီတိုင်းအတွင်း ဖြစ်ပွားခဲ့သည့် နာဂစ်မုန်တိုင်း ဘေးသင့်ခဲ့သူများကို ပြန်လည်နေရာချထားပေးသည့် ကျေးရွာတစ်ရွာ ဖြစ်သည်။