ကောလင်း ကန့်ဘလူ ဒေသခံ ၁၀၀၀၀ ကျော် စစ်ဘေးရှောင်နေရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်။

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းက ကောလင်း၊ ကန့်ဘလူ အစပ်တလျှောက်တွင် စစ်ကောင်စီတပ်က စစ် ကြောင်း နှစ်ကြောင်းခွဲကာ ထိုးစစ်ဆင်နေသည့်အတွက် ဒေသခံ တစ်သောင်းကျော် နေရပ်ကျေးရွာများမှ က ဘေးလွတ်မည်ဟု ယူဆရသည့် အနီးအနားဝန်းကျင်က ကျေးရွာများတွင် စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

ကောလင်းနှင့် ကန့်ဘလူမြို့နယ် အစပ်နေရာတလျှောက် စစ်တပ်က စစ်ကြောင်းနှစ်ကြောင်းခွဲကာ စစ်ရေးလှုပ် ရှားမှုများ လုပ်နေသည့်အတွက် ဒေသခံများက စိုးရိမ်ကာ ထွက်ပြေးနေကြရခြင်း ဖြစ်သည်ဟု ကန့်ဘလူဘက် ခြမ်းနေ ဒေသခံများ က ပြောသည်။

“ကန့်ဘလူမြို့နယ်ထဲမှာ ရောက်ရှိနေတဲ့အကြောင်းပေါ့နော်။ အဲ့ဒီဟာကတော့ ဒီမနေ့က ကောလင်းမြို့နယ် ဘက်ကို ရောက်သွားတာပေါ့နော်။ အဲ့ဒီကနေပြီးတော့ တောင်ဘို့လှ၊ ဇီးဖြူကုန်းဘက်ကို ရောက်သွားပြီလို့ လောလောဆယ် ကြားသိရတယ်ဗျ။ သေချာတာတစ်ခုကတော့ ကောလင်းမြို့နယ်ပိုင်းမှာတော့ စစ်ဘေးရှောင် တွေက အိုးအိမ်စွန့်ခွာပြီးတော့မှ အပြစ်မဲ့တဲ့ ပြည်သူတွေကတော့ တိမ်းရှောင်နေရတဲ့ အနေအထားမှာတော့ လက်ရှိဖြစ်ပေါ် နေတာဖြစ်ပါတယ်။”

ကန့်ဘလူမြို့နယ်ထဲ ဩဂုတ်လ ၂၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲပြီးနောက်ပိုင်း က စတင်၍ ယနေ့အချိန် ထိ စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသန်း ပစ်ခတ်နေသည်ဟု ကန့်ဘလူဒေသခံ တစ်ဦးက ပြောသည်။

“ကျနော်တို့ ဒီဘက်မှာတော့ အောင်ချမ်းသာဖြစ်စဉ်တစ်ခုမှာ ဖြစ်ပြီးကတည်းက နောက်ပိုင်း သူတို့က MI-35 တွေနဲ့ ပတ်ချာလည်ပစ်တာတို့၊ နယ်မြေရှင်းလင်းရေး လုပ်တယ်ခေါ်တာပေါ့ဗျာ။ အဲ့ကနေ MI-17 တွေနဲ့ပစ်၊ နောက်ပြီး အဲ့ဒီကနေ သူတို့ရဲ့ အာဏာသိမ်းစစ်ကောင်စီ အင်အားကို ဖြည့်တင်းတာမျိုး လုပ်တယ်။”

ထို့အပြင် ယခုလ စက်တင်ဘာလထဲတွင် ကန့်ဘလူမြို့နယ်ဘက်မှ ကောလင်းမြို့နယ်ဘက်သို့ စစ်ကောင်စီ တပ် က စစ်ကြောင်းနှစ်ကြောင်း ထိုးပြီး ထိုးစစ်ဆင်နေခြင်းများလည်းရှိနေသည်ဟု ကောလင်း ဒေသခံတစ်ဦး က ဆက်ပြောသည်။

“အဓိကတော့ ကိုးတောင်ဘို့ပေါ့နော်။ ကိုးတောင်ဘို့ဆိုတဲ့ရွာကနေ အဲ့ဒီမှာစခန်းရှိတယ် အဲ့ရွာကနေ သူတို့ စခန်း သစ်တည်ထားတယ်။ အဲ့စခန်းထဲကနေ သူတို့ စစ်ကြောင်းနှစ်ကြောင်းခွဲပြီးတော့ ထိုးတာ။ အဲ့တော့ ထိုးတဲ့ဟာ က အင်အား ၁၅၀ နီးနီးရှိတယ်။ တစ်ကြောင်းက အင်အား ၅၀ ကျော်၊ တစ်ကြောင်းကတော့ အင်အား ၈၀ ကျော်။ စစ်ကြောင်းနှစ်ကြောင်းခွဲပြီးတော့ ထိုးတာ။ ထိုးတဲ့အခါမှာ ကြားညှပ်မှာစိုးတဲ့ရွာတွေ တော်တော် များ များ၊ စစ်ကြောင်းနဲ့နီးတဲ့ရွာတွေ အကုန်လုံးရွှေ့ရတယ်ပေါ့။ သူတို့နဲ့ စစ်ကြောင်းနဲ့ ခပ်လှမ်းလှမ်းနေရာတွေမှာ ရွှေထားရ တယ်။”

စစ်ကောင်စီတပ်၏ စစ်ရေးလှုပ်ရှာနေများကြောင့် ရွှေ့ပြောင်းနေနေရသည့် ပြည်သူများ ကန့်ဘလူ-ကောလင်း အစပ်ရှိ ကျေးရွာပေါင်း ၁၃ ရွာခန့်က ဒေသခံ တစ်သောင်းကျော်ရှိနေသည်ဟု အဆိုပါ ဒေသခံက ဆက်ပြော သည်။

“ကောလင်းမြို့ တောင်ခြမ်းပေါ့နော်၊ ၁၃ ရွာလောက် စစ်ရှောင်နေရတယ်။ ၁၃ ရွာလောက်က နီးစပ်ရာရွာတွေ ကို စစ်ကြောင်းနဲ့ ခပ်လှမ်းလှမ်းနေရာတွေကို ရှောင်ထားရတာဗျ။ အဓိက စားရေးသောက်ရေးကတော့ ကျနော် တို့ နယ်မြေမှာ အဆင်ပြေသလို ဖြေရှင်းထားရတာပေါ့နော။ ဘယ်လို ဖြေရှင်းကြရတာလဲဆိုတော့ အလှူခံငွေ တွေနဲ့ပေါ့ ရွာတွေမှာ ကျနော်တို့ အစီအစဉ်နဲ့ အလှူခံတာတွေရှိတယ်။ အပိုလမ်းပေါ်မှာ ထွက်ပြီးမှ အလှူခံတာ တွေလည်း ရှိတယ်ပေါ့။ စစ်ဘေးရှောင်တွေ အခုလိုမျိုး ရှောင်နေရပြီဆိုရင် ရွာတွေ အချင်းချင်း ကူညီတာတွေ ရှိသ လို အလှူခံထားတဲ့ ငွေတွေထဲကနေပြီးတော့ စိုက်ထုတ်ပြီးတော့ ဖြေရှင်းကြရတာတွေလည်း ရှိတယ်။ အဲ့ လို ပုံစံနဲ့ ဖြေရှင်းနေရတာပေါ့။ ပြင်ပအလှူငွေ ဘာညာဆိုတာလည်း ကျနော်တို့မှာ မရှိဘူးလေ။”

ကောလင်းမြို့နယ် အရှေ့ခြမ်း အရိုးတောင်အနီးတွင် စက်တင်ဘာလ ၁၂ ရက်နေ့က စစ်တပ်နှင့် ဒေသခံတော် လှန်ရေး ပြောက်ကျားအဖွဲ့များ အကြား တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။ ထိုတိုက်ပွဲအတွင်း ဒေသခံ PDF နှင့် ပကဖ ဘက်က တပ်ဖွဲ့ဝင် ၁၀ ဦး ကျဆုံးခဲ့ပြီး အရပ်သား ၂ ဦးလည်း အသတ်ခံခဲ့ရသည်ဟု ဒေသခံတော်လှန်ရေးအဖွဲ့ များ က ပြောသည်။

ထို့နောက် ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ဘက်ကို စစ်တပ်က ပြန်ဝင်လာပြီး ခံသာကျေးရွာသား အယောက် ၂၀ ကျော်ကို ဖမ်းဆီးခဲ့သေးသည်ဟု သိရသည်။ ထိုသို့ ဖမ်းဆီးပြီးနောက် ရွာသားများကို ပြန်လွှတ်ပေးခဲ့သော်လည်း ယနေ့အချိန်ထိ စစ်တပ်က အနီးအနားကျေးရွာများထဲ လက်နက်ကြီးများနှင့် ပစ်ခတ်ခြင်း၊ စစ်ကြောင်းထိုး ဝင် ရောက်နေခြင်းများကြောင့် နှစ်ဖက်ကြား စစ်ရေးတင်းမာနေဆဲဖြစ်သည်ဟု သိရသည်။