လောင်းလုံးတွင် ပျူစောထီးအဖွဲ့ဝင် တစ်ဦး သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်။
ပျူစောထီးအဖွဲ့ဝင် တစ်ဦး ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် လယ်ကွင်းထဲ၌ အသတ်ခံရ သည်ဟု ရွာသားများက ပြောသည်။
ပျူစောထီးအဖွဲ့ဝင် ကိုရဲထွေး အသက် ၃၅ နှစ်အရွယ်၊ စက်တင်ဘာလ ၂၅ ရက်နေ့၊ နံနက် ၆ နာရီခွဲခန့် က လူ ၃ ဦးက ပန္ဒလဲကျေးရွာတွင် သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု ရွာသားများက ပြောသည်။
အသက် ၅၀ အရွယ် ရွာသားတစ်ဦး က “ခေါင်းမှာရော ရင်ဘတ်တွေမှာရော နေရာအနှံ့မှာသေနတ်ဒဏ်ရာတွေ တွေ့ရတယ်” ဟု ပြောသည်။
သေဆုံးသူ ကိုရဲထွေးမှာ ပျူစောထီးခေါင်းဆောင် ငဇော် ဆိုသူ၏ တပည့်ရင်း တစ်ယောက်ဖြစ်ပြီး စစ်တပ်ဖွဲ့ဝင် များ ကျေးရွာအတွင်းကို ဝင်လာချိန် CDM ဝန်ထမ်းများနှင့် စစ်အာဏာရှင်ကို အလိုမရှိကြောင်း တော်လှန်ရေး လှုပ်ရှားသူများ၊ ဆန္ဒပြသူများ၏ နေအိမ်များကို လမ်းပြပေးခြင်းများ လုပ်ဆောင်ခဲ့သူ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ထို့ကြောင့် ၎င်းအား စစ်ကောင်စီနှင့် ပူးပေါင်း လုပ်ဆောင်နေသည်များကို ရပ်တန့်ရန် PDF အဖွဲ့များက သတိ ပေးထားသည်ဟု ရွာသားများက ပြောသည်။
စက်တင်ဘာလ ၂၅ ရက်နေ့က သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရသည့် ကိုရဲထွေး၏ ရုပ်အလောင်းကို အရေးပေါ် လူနာတင်ကားဖြင့် လောင်းလုံးဆေးရုံဘက်သို့ သယ်ယူသွားသည်ဟု ရွာသားများက ပြောသည်။
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ယခု စက်တင်ဘာလအတွင်း ပျူစောထီးအဖွဲ့များ ဆိုသူ ၅ ဦး နှင့် ရေဖြူ မြို့နယ်တွင် ၂ ဦး အသတ်ခံလိုက်ရသည့် အပြင် မြိတ်ခရိုင်၊ ပုလောမြို့နယ်ဘက်တွင်လည်း ၃ ဦးခန့် အသတ်ခံခဲ့ရသည်။