မြို့ပြစစ်ဆင်ရေး အထိမ်းအမှတ် လဝက ရုံးနှင့် စည်ပင်ရုံးကို ဗုံးခွဲ
သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်။
မြို့ပြစစ်ဆင်ရေး စတင်သည့် အထိမ်းအမှတ်အဖြစ် ပဲခူးအနောက်ခြမ်း ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့ရှိ လဝကရုံးနှင့် စည်ပင်ရုံးကို PDF က အဝေးထိန်းမိုင်းနှင့် မိုင်းခွဲ တိုက်ခိုက်ခဲ့သည် ဟု သိရသည်။
စည်ပင်ရုံးနှင့် မနီးမဝေးနေထိုင်သူ အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးက ”ညဦးပိုင်း ၇ နာရီလောက် အသံအ ကျယ်ကြီး ကြားရတယ်။ မီးသတ်ကားတွေ လူနာတင်ယာဉ်တွေ မောင်းဝင်သွားတာ တွေ့လိုက်တယ်” ဟု ပြော သည်။
လဝက ဝန်ထမ်းများ၏ ပြည်သူအပေါ် ငွေတောင်းခံ လာဘ်စားမှု ပြင်းထန်ပြီး ပြည်သူများအပေါ် မောက်မာစွာ ဆက်ဆံနေခြင်းများကြောင့် ယခုကဲ့သို့ မိုင်းခွဲတိုက်ခိုက်ကာ မြို့ပြတိုက်ပွဲစတင်ခြင်း ဖြစ်သည်ဟု အဖွဲ့တာဝန်ရှိသူ က ပြောသည်။
ပေါက်ခေါင်း လဝကရုံးနှင့် စည်ပင်ရုံးနေရာ နှစ်ခုတို့ စက်တင်ဘာလ ၂၅ ရက်နေ့၊ ညပိုင်းက မိုင်းခွဲ တိုက်ခိုက်ခံရ ခြင်း ဖြစ်သည်။
ယခု တိုက်ခိုက်မှုကို ပေါက်ခေါင်း လွတ်မြောက်ရေး အင်အားစု (Pauk kaung Liberation Force) ၏ မြို့ပြ စစ် ဆင်ရေး အထူးတပ်ဖွဲ့ဖြစ်သည့် မြို့ပြ လူကြီးလူကောင်းများအဖွဲ့က ပထမဆုံး အကြိမ်အဖြစ် ”ကျောက်ခဲ ဟင်း ချို စစ်ဆင်ရေး” အနေဖြင့် မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည် ဟု ထုတ်ပြန်သည်။
ပေါက်ခေါင်း လွတ်မြောက်ရေး အင်အားစုတာဝန်ရှိသူ က “(လဝက) ရုံးက ရုံးမျက်နှာစာပိုင်းတွေ မီးလောင် သွားတယ်။ ရုံးမှာက ညစောင့်လောက်ပဲရှိတော့ ထိခိုက်ဒဏ်ရာ လောက်ပဲ ရမယ်ထင်တယ်။ အသေအပျောက် တော့ မကြားဘူး။ ရုံးက လူနေအိမ်တွေနဲ့ လမ်းခြားတော့ မီးက အိမ်တွေဘက် မကူးပါဘူး။ စည်ပင်ရုံးကတော့ ဘာထပ်ဖြစ်လဲ မသိရသေးဘူး” ဟု ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လဆန်းပိုင်းတွင်လည်း ပေါက်ခေါင်းမြို့ရှိ မြို့မရဲစခန်း ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရ သေး သည် ဟု သိရသည်။