မြစ်ကြီးနားထောင်အတွင်းဖမ်းခံရသည့် နိုင်/ကျဉ်းများ သေဆုံးသည့် သတင်းကြောင့် မိသားစုများ စိုးရိမ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်။

မြစ်ကြီးနားထောင်အတွင်း ဖမ်းခံထားရသည့် နိုင်/ကျဉ်းနှင့် PDF အချို့ စစ်ကြော ရေးတွင် သေဆုံးသွားသည် ဆိုသည့် သတင်းများကြောင့် မိသားစုဝင်များ စိုးရိမ်သောကရောက်နေကြသည် ဟု ပြော သည်။

စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံထားရသည့် မိုးညှင်းမြို့နယ် NLD ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အပါအဝင် PDF အချို့ကို စစ်ကြောရေးတွင် သတ်ပစ်လိုက်ဟု ဆိုရှယ်မီဒီယာများပေါ်တွင် ပျံ့နှံ့လျက်ရှိသည့် သတင်းများ ကြောင့် မိသားစုဝင်များ စိုးရိမ်သောကရောက်နေကြခြင်း ဖြစ်သည်။

“မရှိတော့ဘူးဆိုလည်း မရှိတော့ဘူးဆိုတဲ့ အကြောင်း ကိုယ့်အိမ်မှာ ကိုယ့်ဘာသာကိုယ် ရက်လည်လေး လုပ်ပြီး ဘုန်းကြီးဆွမ်းကပ်ချင် ကပ်မယ်။ ဖြစ်သွားမှတော့ ဘာတတ်နိုင်မှာလဲ။ ငါတို့က မိသားစုဝင်အနေနဲ့ပဲ သိချင်တာ။ သေသွားတာကို မသိလိုက်ရရင် ဗုဒ္ဓဘာသာဝင်အနေနဲ့လည်း သူ့အတွက် မကောင်းဘူးလေ။ ငါတို့ လုပ်သင့်လုပ် ထိုက်တာကို လုပ်ချင်တာပါ” ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

အွန်လိုင်း ဆိုရှယ်မီဒီယာများပေါ်တွင် သေဆုံးသွားသည်ဟု သတင်းထွက်ပေါ်သူများထဲတွင် အမျိုးသားဒီမိုကရေ စီ အဖွဲ့ချုပ် NLD ပါတီက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အပါအဝင် ကိုမျိုးကျော်၊ ကိုချစ်ဖွယ်၊ ကိုသီဟ၊ ကို ဖက်တီး၊ ကိုခေါကြီး တို့ ဖြစ်ကြသည်။ ၎င်းတို့အထဲမှ အချို့မှာ KPDF မှ ဖြစ်သည်ဟု ဆိုကြသည်။

အဆိုပါ သတင်းများနှင့် ပတ်သက်၍ မြစ်ကြီးနား အကျဉ်းဦးစီးဌာန၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် နီးစပ်သူ များကို မိသားစုဝင်များက လိုက်လံမေးမြန်းမှုများ လုပ်ခဲ့ကြသော်လည်း အကျိုးအကြောင်း မသိရသဖြင့် စိုးရိမ် နေသည်ဟု မိသားစုဝင်တစ်ဦး က ပြောသည်။

ယခုနှစ် ဧပြီလအတွင်းက မြစ်ကြီးနားမြို့ အေးမြသာယာရပ်ကွက်တွင် ကားဓါးပြတိုက်သည်ဟု စွပ်စွဲချက်ဖြင့် PDF လူငယ် ၂ ဦး ဖမ်ဆီးခံလိုက်ရပြီး ၎င်းတို့၏ ဖုန်းမှတစ်ဆင့် ခြေရာခံကာ ရမ်ပူရပ်ကွက်ရှိ နေအိမ်တစ်အိမ်သို့ ဝင်ရောက်စီးနှင်းချိန် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

ထို့နောက် အဆိုပါ ဖြစ်စဉ်အတွင်း လူငယ် ၂ ဦး ပွဲချင်းပြီး သေဆုံးကာ ကိုချစ်ဖွယ် အပါအဝင် စုစုပေါင်း ၄ ဦးကို ဖောက်ခွဲရေး ပစ္စည်းများ သေနတ်ကျည်ဆံများနှင့် စစ်တပ်က ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

သြဂုတ်လ ၁၄ ရက်နေ့ နံနက်တွင် မြစ်ကြီးနား-မန္တလေးလမ်းအတိုင်း NLD က ပြည်နယ်လွှတ်တော် ကိုယ်စား လှယ် ကိုမျိုးကျော်နဲ့ သူငယ်ချင်းဖြစ်သူ ကိုစိုင်းမောင်တို့ နှစ်ဦး မြစ်ကြီးနားမြို့အထွက် ၂၁ မိုင်ဂိတ်တွင် NUG ငွေတိုက် စာချုပ်များဖြင့် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။

စက်တင်ဘာလ ၁၀ ရက်နေ့က ၎င်းတို့ ၅ ဦးလုံး သတ်ဖြတ်ခံလိုက်ရသည်ဟု စစ်တပ်နှင့် နီးစပ်သူများထံမှ သိရ ကြောင်း လှုမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့လျက်ရှိပြီး ၎င်းတို့ကို မည်သည့်နေရာတွင် မည်ကဲ့သို့ သတ်ပစ် လိုက်ကို မသိရသေးပေ။

ထို့အပြင် သတ်ခံလိုက်ရသူများကိုလည်း မည်သည့်နေရာတွင် သင်္ဂြိုလ်လိုက်သည်ကိုလည်း အတိအကျ မသိရ သေးဘူးဟု မိသားစုဝင်များက ပြောသည်။