ရေး “စစစ” ရုံး မိုင်းထောင် ဖောက်ခွဲ ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်။

ရေးမြို့ မြို့လယ်ခေါင်ရှိ အထူးစုံစမ်းစစ်ဆေးရေးရုံး “စစစ” ရုံး မိုင်းထောင် ဖောက်ခွဲတိုက်ခိုက်ခံရသည်ဟု မြို့ခံများက ပြောသည်။

ရေးမြို့၊ ရန်ကြီးအောက်ရပ်ကွက်ရှိ စစစ ရုံး တနင်္လာနေ့ နံနက် ၉ နာရီဝန်းကျင် အချိန်ခန့်က ဖောက်ခွဲတိုက်ခိုက်ခံရခြင်း ဖြစ်သည်။

”စစစ ရုံး အဆောက်အဦကတော့ ပျက်စီးသွားတာတွေရှိတယ်။ လူထိတာတော့ မကြားမိဘူး။ ရေး စစစ ရုံး က ပြီးခဲ့တဲ့လကလည်း ဗုံးနဲ့ အပစ်ခံထားရတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။

“စစစ” ရုံး ဖောက်ခွဲတိုက်ခိုက်ခံရမှုကြောင့် ရုံးအဆောက်အဦးအချို့ ပြိုကျပျက်စီးမှုရှိသည်ဟု ဒေသခံတို့က ပြောသည်။

ရေးမြို့ “စစစ” ရုံးကို မွန်ပြည်နယ် အခြေပြု တော်လှန်ရေးအဖွဲ့အစည်း MSRO က မိုင်းထောင် ဖောက်ခွဲခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။

ဖောက်ခွဲတိုက်ခိုက်ခံလိုက်ရသည့် ရေး “စစစ” ရုံးသည် ပြီးခဲ့သည့် လကလည်း လက်ပစ်ဗုံးနှင့် ပစ်ခတ်ခံထားရ သည်။

ရေးမြို့နယ်အတွင်း မြို့လယ်ရှိ လဝကရုံး ပစ်ခတ်တိုက်ခံရသည့် သြဂုတ်လ ၃ ရက်နေ့ နောက်ပိုင်းမှ စတင်၍ စစ်ကောင်စီတပ်က လုံခြုံရေးတင်းကြပ်ထားခဲ့သည်။

ထိုသို့ လုံခြုံရေးတင်းကြပ်ထားသည့် အကြားတွင် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များက ဌာနဆိုင်ရာရုံးများကို မကြာခဏ ဝင်ရောက် တိုက်ခိုက်နေခြင်း ဖြစ်သည်။

ဩဂုတ်လ ပထမပတ်အတွင်း ဖြစ်ပွားခဲ့သည့် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးအချို့ ပစ်ခတ်တိုက်ခိုက် ခံရမှုများ ဖြစ်ပွားခဲ့ပြီးနောက် မြို့တွင်း လုံခြုံရေးတင်းကြပ်လိုက်သည့်အပြင် ရေးမြို့နယ်အတွင်း စစ်ကောင်စီက နယ်ကျော် ခရီးမသွားရန်နှင့် ညမထွက်ရ တို့ ပါဝင်သည့် ဒေသန္တရအမိန့်ကိုလည်း ထုတ်ပြန်ထားသည်ဟု မြို့ခံများ က ပြောသည်။