TNLA အခွန်ကောက်မည့် သတင်းကြောင့် နမ့်ခမ်းဈေးဆိုင်ခန်းများ ပိတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်။
နမ့်ခမ်းမြို့မစျေးတွင် အခွန်ကောက်ခံရန် PSLF/TNLA တံဆိပ်ပါ လိပ်စာ ကတ်များ လိုက်ဝေပြီးနောက် သေနတ်သံများထွက်ပေါ်လာသည့်အတွက် ဒေသခံများက စိုးရိမ်ပြီး စျေးဆိုင်ခန်း များ ပိတ်သိမ်းခဲ့ရသည်ဟု ဈေးသည်များက ပြောသည်။
ဒေသခံများ၏ ပြောပြချက်အရ တအန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) မှ အခွန်မပေးဆောင်သည့် ဈေးသည်ပြည်သူများကို တတိယ အကြိမ် မြောက် သေနတ်ပစ်ဖောက် ခြိမ်းခြောက်ခဲ့သည်ဟု သိရသည်။
အသက် ၃၅ နှစ်အရွယ် နမ့်ခမ်းဈေးသည် အမျိုးသမီးတစ်ဦးက “သူတို့မနေ့က သေနတ်နဲ့ မခြောက်ခင် နှစ်ရက် သုံးရက် နေရာတွေ ကြိုတင်လာကြည့်သွားတယ်။ အဲကတည်းက မဝယ်ပဲ ပလောင်စကားနဲ့ ဈေးတွေလျှောက် မေးတယ်။ မနေ့က သူတို့ဝင်လာတော့လည်း အချင်းချင်း ပလောင် စကားပဲပြောတာ။ ဆက်ကြေးကောက်နေ ကြ TNLA တွေဆိုတာ ဈေးသူဈေးသားတွေ အကုန်သိတယ်လေ” ဟု ပြောသည်။
တနင်္လာနေ့က စျေးအတွင်း သေနတ်ပစ်ဖောက် ခြိမ်းခြောက်ခံခဲ့ရ သည့် အတွက် ယနေ့အချိန်ထိ စျေးသည်အများစုမှာ စိုးရိမ်ပြီး ဆိုင်ခန်းများ ပိတ်ထားကြသည်ဟု သိရသည်။
ထိုသို့ မခြိမ်းခြောက်မှီ ရှေ့ရက်များတွင် အခွန်ကောက်ရန် ဆိုင်ခန်းများအား လိပ်စာကတ်များ ဝေပေး၍ ဓါတ်ပုံ၊ ဗီဒီယိုများ ရိုက်ယူထားပြီး ထိုကတ်အပေးခံရသည့် ဈေးသည်များအနေဖြင့် TNLA တပ်သားများ ရောက်လာပါက ချက်ချင်း အခွန်ပေးဆောင်ရသည်ဟု စျေးသည်အချို့က ပြောသည်။
ထိုလိပ်စာကတ်တွင် PSLF/TNLA ၏ တံဆိပ်၊ Revenue Department၊ အမည်-Ko R Kar နှင့် ဆက်သွယ်ရန် ဖုန်းနံပါတ် ၂ ခု ပါသည်။
ထို့ကြောင့် နမ့်ခမ်းဈေးသည်များ အနေဖြင့် TNLA တပ်ဖွဲ့ဝင်များ ရောက်မလာခင်ကတည်းက ကြိုတင်ရှောင် နေ ကြသည်များရှိရာ ဈေးသည်များမတွေ့ရ၍ သေနတ်ဖောက် ခြိမ်းခြောက်ခဲ့သည်ဟု ယူဆရကြောင်း နမ့်ခမ်းဈေး သည်အချို့က ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ PSLF/TNLA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံကို ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
ထို့အပြင် နမ့်ခမ်းမြို့မစျေးတွင် ယခုနှစ် ဇွန်လတုန်းကလည်း အခွန်မပေးဆောင်နိုင်၍ စျေးသည် အမျိုးသား တစ် ဦးလည်း ပစ်ခတ်ခံခဲ့ရသေးသည်ဟု ဈေးသည်များက ပြောသည်။
နမ့်ခမ်းမြို့တွင် အခွန်ကောက်နေသည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များမှာ PSLF/TNLA တစ်ဖွဲ့တည်းသာ မဟုတ်ပဲ ကချင်လွတ်လပ်ရေးအဖွဲ့ – KIO/KIA နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ – SSPP/SSA တို့လည်း ပါဝင်သည်။
အသက် ၅၀ အရွယ် နမ့်ခမ်းဈေးသည်တစ်ဦးက “ဆက်ကြေးက ဘယ်အဖွဲ့မဆို ကောက်လို့ရတယ်။ ဒါပေမယ့် အခြေအနေတွေအပေါ် တွက်ချက်ပြီး လူထုတွေရဲ့ အဆင်မပြေမှုကို ထောက်ထားရမယ်။ လူထုရဲ့ အခက်အခဲကို ကြည့်ရမယ်။ အဆင်မပြေသေးဘူးလို့ ပြောပြရင် စောင့်ဆိုင်းပေးသင့်တယ်။ ခုလိုမျိုး သေနတ်ဖောက်ပြ ခြိမ်း ခြောက်ဖို့အထိ မလုပ်သင့်ပါဘူး” ဟု ပြောသည်။
နမ့်ခမ်းမြို့တွင် KIA နှင့် SSPP တို့မှာ စီးပွားရေး လုပ်ငန်းရှင်များနှင့် ကုန်သည်ကြီးများထံမှ ၃ လနီးပါးလျှင် တစ် ကြိမ်ခန့် စာပို့၍ အခွန်ကောက်ခံလေ့ရှိပြီး TNLA မှာ မြို့မစျေးမှ စျေးသည်များထံမှ အခွန်ကောက်ခံမှုများ ရှိနေ သည့်အတွက် ဈေးသည်များမှာ ဆိုင်ပိတ်ထားရကြောင်း နမ့်ခမ်းဈေးသည်များ၏ ပြောပြချက်အရ သိရသည်။
တအာင်းအမျိုးသမီး စျေးသည်တစ်ဦး က “ကျမတို့ ပလောင်တွေလည်း သူတို့လာရင် ဆိုင်ပိတ်ထားရတယ်။ လူ မျိုးချင်းချင်းလည်း သူတို့က မရဘူး။ ဟင်းရွက်သည် ကုန်စိမ်းသည်တွေလည်း ပေးရတယ်။ အဲဒီသေနတ်ပစ် တဲ့ ရက်ကလည်း ဆိုင်ပိတ်ပြီးပြေးရတာပေါ့။ ကျမတို့က မပေးဘူး မပြောဘူး။ ပေးမယ် ခဏလေးတော့ စောင့် ပေးစေချင်တာပေါ့နော်” ဟု ပြောသည်။
PSLF/TNLA အနေဖြင့် နမ့်ခမ်းမြို့မစျေးအတွင်းမှ တအာင်းလူမျိုးစျေးဆိုင်များပါမကျန် စျေးဆိုင်ခန်းအားလုံး ထံမှ အခွန်ကောက်ခံနေခြင်း ဖြစ်သည်ဟု စျေးသည်များက ဆိုသည်။
TNLA တပ်ဖွဲ့ဝင်များ သေနတ်ဖောက် ခြိမ်းခြောက်မှုကြောင့် နမ့်ခမ်းဈေးသည်များမှာ ကြောက်လန့်နေပြီး အခွန် ပေးဆောင်သူများလည်း ရှိသည်ဟု သိရသည်။
စျေးသည်များက ယခု နမ့်ခမ်းမြို့မစျေးအတွင်း သေနတ်ပစ်ဖောက်ကာ အခွန်ကောက်ခံနေသည့်အဖွဲ့မှာ TNLA အဖွဲ့ဟု ပြောဆိုနေသော်လည်း သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာနအနေဖြင့် သီးခြား အတည်ပြုချက် တစ်စုံ တစ်ရာ မရရှိသေးပေ။