ရခိုင်ကို နိုင်ငံအတွင်း ထည့်သွင်းရန် ဘင်္ဂလားဒေ့ရှ်က လုပ်ဆောင်နေကြောင်း သတင်းမှား ဖြန့်ဝေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်။
ရခိုင်ပြည်နယ်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို ထည့်သွင်းဖို့ ဘင်္ဂလားဒေ့ရှ်ဖက်က လုပ်ဆောင်နေတယ်ဆိုတဲ့ သ တင်းပို့စ် တစ်ခုကို “ပန်း ချစ်သူ” ဆိုသည့် Facebook အကောင့် ပိုင်ရှင်က စက်တင်ဘာလ ၂၃ ရက်နေ့မှာ တင် ထားတာကို တွေ့ရပါတယ်။
အဆိုပါ သတင်းကို ဘင်္ဂလားဒေ့ရှ် စစ်တပ်အကြောင်း နေ့စဉ်ဖော်ပြပေးနေတဲ့ Bangladesh Military Affairs Page က ၂၀၂၀ ခုနှစ် ဇွန်လ ၁၁ ရက်နေ့က ရေးသားဖော်ပြခဲ့တယ်လို့ “ပန်း ချစ်သူ” Facebook အကောင်ပိုင်ရှင်က ဆိုပါတယ်။
“ပန်း ချစ်သူ” ဆိုသူ Facebook အကောင့် ပိုင်ရှင်က “ရခိုင်ပြည်နယ်ကိုဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းထည့်သွင်းမည် ဆိုသည့် သတင်း” ဆိုတဲ့ သတင်းခေါင်းစဉ်နဲ့ ရေးသားထားတာ ဖြစ်ပြီး အဲဒီအထဲမှာ ဆိုရင် “ Arakan Army(AA) အဖွဲ့ကို ဘင်္ဂလားဒေ့ရှ် စစ်တပ်တွင် ထည့်သွင်းဖွဲ့စည်းပြီးရခိုင်ပြည်နယ်အား ၎င်းတို့နိုင်ငံအတွင်း ထည့်သွင်းမည် ဖြစ်ကြောင်း”ဘင်္ဂလားဒေ့ရှ် စစ်တပ်အကြောင်း နေ့စဉ်ဖော်ပြပေးနေသော Bangladesh Military Affairs Page တွင် ဇွန်လ ၈ ရက်နေ့ ၁၀း၃၀ နာရီအချိန်၌ ရေးသားဖော်ပြထားသည်” ဆိုပြီး (မူရင်း အရေးအသားအတိုင်း) ရေး သားထားတာကို တွေ့ရပါတယ်။
ဒါ့အပြင် ရက္ခိုင့်တပ်တော် ULA/AA နဲ့ ဘင်္ဂလားဒေ့ရှ် တပ်တွေကို တူရကီ ပညာရှင်တွေက စစ်သင်တန်းပေးခဲ့တဲ့ အကြောင်းတွေ၊ တရုတ်နဲ့ တူရကီက ရက္ခိုင့်တပ်တော် AA ကို စစ်လက်နက်ထောက်ပံ့ပေးနေတဲ့ အကြောင်းနဲ့ အခုလက်ရှိ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေမှာ အာဆာအဖွဲ့က AA ဖက်က ကူတိုက်ပေးတဲ့ အကြောင်းတွေကိုလည်း ထည့်သွင်းရေးသားထားတာကို တွေ့ရပါတယ်။
အဆိုပါ ရေးသားမှုတွေဟာ သတင်းအမှားသာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ “ပန်း ချစ်သူ” ဆိုသူ Facebook အကောင့်ပိုင်ရှင်က တိကျခိုင်လုံတဲ့ သက်သေ အထောက်အထား တစ်စုံတစ်ရာ မပြနိုင်ပဲ ရည်ရွယ် ချက် ရှိရှိ ဝါဒဖြန့်ဖို့အတွက် ရေးသားထားလို့ပဲ ဖြစ်ပါတယ်။
ဒါ့အပြင် “ပန်း ချစ်သူ” ဆိုသူ Facebook အကောင့်ပိုင်ရှင် ပြောသလိုမျိုး Bangladesh Military Affairs Page မှာ ရခိုင်ပြည်နယ်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို ထည့်သွင်းဖို့ ဘင်္ဂလားဒေ့ရှ်ဖက်က လုပ်ဆောင်နေတယ်ဆိုတဲ့ ရေး သားမှုမျိုးကိုလည်း မတွေ့ရပါဘူး။
Bangladesh Military Affairs Page ကို ဒီမှာ https://bit.ly/3fgKbFr ဝင်ကြည့်လို့ရပါတယ်။
ဒါ့အပြင် ရခိုင်အခြေစိုက် သတင်းဌာနတွေအပြင် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေကလည်း ဒီအကြောင်း အရာနဲ့ ပတ်သက်ပြီး သတင်းရေးသားထားတာမျိုး မတွေ့ရပါဘူး။
ဒါကြောင့် အချက်အလက်တွေကို တိုက်စစ်ကြည့်လိုက်တဲ့အခါမှာ “ပန်း ချစ်သူ” ဆိုသူက ရက္ခိုင့်တပ်တော် ULA/AA ကို ရခိုင်ပြည်သူတွေနဲ့ မြန်မာနိုင်ငံသားတွေက အထင်အမြင်မှားအောင်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကို မုန်းတီး အောင်၊ အမြင်တမျိုးဖြစ်သွားအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဖန်တီးရေးသားထားတဲ့ သတင်းအမှား ဖြစ်တယ် ဆိုတာ ကို တွေ့ရပါတယ်။
“ပန်း ချစ်သူ” တင်ထားတဲ့ သတင်းအမှားပို့စ်ကို စစ်ကောင်စီ ထောက်ခံသူတွေ၊ အမျိုးသားရေး လှုပ်ရှားသူတွေရဲ့ Group တွေနဲ့ပဲ ဖြစ်ဖြစ် တစ်ဦးတစ်ယောက် အနေနဲ့ပဲ ဖြစ်ဖြစ် ထပ်ဆင့်ဖြန့်ဝေနေတာကို တွေ့ရပါတယ်။
လက်ရှိကာလမှာဆိုရင် သတင်းအမှား ဖြန့်ဝေသူတွေဟာ အထူးသဖြင့် PDF၊ CRPH၊ NUG အဖွဲ့တွေနဲ့ သက်ဆိုင် တဲ့ သတင်းအမှားတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနှင့် သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုက် ပွဲသတင်းတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ စစ်ကောင်စီ ခေါင်းဆောင်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ပြောဆိုမှု သတင်းအမှားတွေအပြင် လူမျိုးတစ်မျိုးနဲ့တစ်မျိုး အဖွဲ့အစည်း တစ် ခုနဲ့တစ်ခုကြား ပဋိပက္ခ အသွင်ဆောင်စေမယ့် အမုန်းစကား သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိ ရေးတင်နေ တာကို တွေ့ရပါတယ်။
သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်း၊ ရုပ်သံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံနဲ့ ရုပ်သံရဲ့ မှန်ကန်တဲ့ အချက်အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာကိုလည်း တွေ့ရပါတယ်။
ဒါကြောင့် အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံအမျိုးမျိုး နဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြတဲ့အတွက် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ် ပြီး/ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန်တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေဖို့ လိုပါတယ်။