အလုပ်ပြန်ဝင်သော CDM ပညာရေး ဝန်ထမ်းများ ငွေညှစ်ခံနေရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်။

အကြောင်း အမျိုးမျိုးကြောင့် အလုပ် ပြန် ဝင်လိုသည့် CDM ပညာရေး ဝန်ထမ်းများနှင့် ဆရာ၊ ဆရာမထံမှ ဧရာဝတီတိုင်း‌၊ ကျုံပျော်ခရိုင် အတွင်းရှိ မြို့နယ် ပညာရေးမှူးရုံးများက ငွေညှစ်တောင်းခံမှုများ ရှိနေသည်ဟု သိရသည်။

အကြောင်း အမျိုးမျိုးကြောင့် လုပ်ငန်းခွင်ကို ပြန်လည်ဝင်ရောက်လိုကြသည့် သူများအား ပညာရေးမှူးရုံးက ပွဲစား များမှ တဆင့် ကျပ်ငွေ ၅ သိန်းမှ ကျပ်ငွေ ၁၅ သိန်း အထိ တောင်းနေခြင်း ဖြစ်သည် ဆရာ၊ ဆရာမ အချို့က အတည်ပြုပြောသည်။

“ခံဝန်နဲ့ ဖြေလျော့ပေးမယ်။ အရေးမယူဘူး ဆိုလို့ မိသားစု စားဝတ်နေရေးက ခက်ခဲတာရော အဖမ်းခံရမှာ ကြောက်တာရောကြောင့် အလုပ် ပြန်ဝင်ကြပါတယ်။ အခုတော့ ငွေညှစ်တာခံနေရတယ်” ဟု အလုပ်ပြန်ဝင်ရန် စီစဥ်နေသည့် CDM ဆရာတစ်ဦး က ပြောသည်။

CDM ပညာရေး ဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများ အနေဖြင့် ယခင်က ထမ်းဆောင်ခဲ့သည့် တာဝန်၊ နေရာ၊ ရာထူးနှင့် ဒေသ အတိုင်းပြန်လည်ရရှိရန် နှင့် အရေးယူခြင်းမခံရစေရေး အတွက် ငွေကျပ် ၅ သိန်းနှင့် အထက် ပေးဆောင်နေကြရသည်ဟု သိရသည်။

၎င်းတို့တောင်းသည် ငွေ မပေးနိုင်သူများအား နယ်ဝေး‌ဒေသသို့ ပို့မည်ဟု ဆိုကာ ခြိမ်းခြောက် အကြပ်ကိုင်မှုမျိုး လည်းရှိသည် ဟု သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ပွဲစားလုပ်နေကြသူများမှာ Non CDM ဝန်ထမ်း စာရေးအချို့ အပါအဝင် စစ်ကောင် စီခန့် အုပ်ချုပ်ရေးမှူး အချို့ နှင့် ရာအိမ်မှူးအချို့တို့ ဖြစ်ကြသည်ဟု ပညာရေး ဝန်ထမ်း အသိုင်းအဝိုင်း ထံမှ သိရ သည်။

“CDM ဝန်ထမ်း စာရင်းတွေကို စစ်ကောင်စီက တောင်းတယ်ဆိုတဲ့ အသံတွေက ထွက်လာတော့ သူတို့အတွက် လုပ်စားကွက် ဖြစ်ကုန်တာ” ဟု CDM ဆက်လုပ်နေသည့် ပညာရေးရုံး ဝန်ထမ်း တစ်ဦး က ပြောသည်။

အလားတူ ရေကြည်၊ အသုတ်၊ ငသိုင်းချောင်းမြို့တို့က ပညာရေးဌာနများတွင်လည်း ရာထူးတိုး၊ နေရာ ပြောင်း ရွှေ့ လိုသူများထံမှ ရာထူးတိုးလိုသူ အတွက် ကျပ် ၁၅ သိန်းနှင့် မိမိသင်ကြားလိုသည့် ကျောင်းသို့ နေရာပြောင်း ရွှေ့လိုပါက ကျပ် ၅ သိန်း စသည်ဖြင့် စျေးနှုန်း သတ်မှတ်ချက်များပင် ရှိနေသည်ဟု ဆက်သိရသည်။

ကျုံပျော်မြို့ သည် ယခင်က ပုသိမ်ခရိုင် အတွင်း၌ ပါဝင်သည့် မြို့နယ်အဆင့် မြို့တစ်မြို့ဖြစ်ခဲ့ပြီး စစ်ကောင်စီ က အဆိုပါမြို့ကို ခရိုင်မြို့အဖြစ် သတ်မှတ်လိုက်ပြီး နောက်ပိုင်း ရေကြည်၊ ငသိုင်းချောင်း၊ အသုတ်မြို့များ က လည်း ကျုံပျော် ခရိုင်အတွင်း အကျုံးဝင်မြို့များ ဖြစ်သွားသည်။

စစ်ကောင်စီ၏ ပညာရေးဌာနက ကျုံပျော်မြို့နယ်ရှိ CDM ပညာရေးဝန်ထမ်း ၄၀၉ ဦး ကို ရာထူးမှ ထုတ်ပယ် ကြောင်း ၂၀၂၁ ခုနှစ်၊ မေလ ၁၈ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်ဟု သိရသည်။