ပင်လုံ ကတိ အကောင်အထည်ဖော်ရန် စစ်ကောင်စီကို SSPP ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်။
ပင်လုံစာချုပ်၊ ပင်လုံမူ၊ ပင်လုံ ကတိကဝတ်များကို အကောင်အထည်ဖော်ဆောင်ရန်နှင့် ဗမာပြည်နယ် ဖွဲ့စည်းရမည့် အချက်များအပါအဝင် အချက် ၉ ချက်ကို စစ်ကောင်စီအား တင်ပြဆွေးနွေးခဲ့သည်ဟု ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA က ပြောသည်။
စစ်ကောင်စီနှင့် တနင်္လာနေ့က တွေ့ဆုံဆွေးနွေးပွဲတွင် တင်ပြဆွေးနွေးခဲ့သည့် အကြောင်းအရာများနှင့် ပတ်သက်၍ SSPP/SSA က စက်တင်ဘာလ ၂၇ ရက်နေ့ (ယနေ့) ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက် ထဲတွင် ပြောဆိုထားသည်။
စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် SSPP က တင်ပြဆွေးနွေးခဲ့သည့် အချက်များမှာ (၁) ပင်လုံ စာချုပ်၊ ပင်လုံမူ၊ ပင်လုံကတိကဝတ် တို့ကို အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (၂) ၁၉၆၁ ခုနှစ် ပြည်နယ်ပေါင်းစုံ ညီလာခံတွင် ချမှတ်ခဲ့သည့် သဘော တူညီချက်များကို အကောင်အထည် ဖော် ဆောင်ရွက်ရန်၊ (၃) အမျိုးသား တန်းတူရေးကို ဖော်ဆောင်နိုင်ရန် အတွက် ဗမာပြည်နယ်ကိုဖွဲ့စည်းရန် (၄) ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်ရန်တို့ ပါဝင်သည်။
ထို့အပြင် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရာတွင် အသွင်သဏ္ဍာန် တည်ဆောက်မူ သာမက အနှစ်သာရ တည်ဆောက်မူကိုပါ တပြိုင်နက်တည်း ဆောင်ရွက်ခြင်း၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည် ထောင်စု တည်ဆောက်ရာတွင် ဒီမိုကရေစီအခွင့်အရေး၊ အခြေခံ လူ့အခွင့်အရေး တန်းတူရေး၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်၊ စုပေါင်းခေါင်းဆောင်မူ၊ စုံလင်ကွဲပြားခြင်းမူတို့ကို လက်ခံခြင်းနှင့် လူနည်းစုများကို ကာ ကွယ်ခြင်း စသည့် အချက်များကို ပြည်ထောင်စုစံ တန်ဖိုးအဖြစ် ကိုင်စွဲထားရန် လိုအပ်သည်ဟု ပြော သည်။
ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ရေးဆွဲရာတွင်လည်း အချက် (၅) ချက်၏ လမ်းညွန်မှုအတိုင်း လိုက်နာ ရေးဆွဲရမည်ဟု SSPP က တင်ပြဆွေးနွေးခဲ့သည် ဟု ဆိုသည်။
ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ရေးဆွဲရာတွင် လိုက်နာရေးဆွဲရမည့် SSPP/SSA ၏ လမ်းညွန်မှု (၅) ချက်မှာ (၁) ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များနှင့် ယင်းပြည်နယ်များ အတွင်းရှိ ပြည်သူတို့သည် အချုပ်အခြာအာဏာ၏ မူရင်းပိုင်ရှင်ဖြစ်သည့်အတွက် အချုပ်အခြာ အာ ဏာသည် ပြည်သူထံမှ ဆင်းသက်သည်။ (၂) ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်များဖြင့် ဖွဲ့စည်းကာ ပြည် ထောင်စုအဖွဲ့ဝင် ပြည်နယ်များအားလုံးတို့သည် နိုင်ငံရေးအရ တန်းတူသည်။ (၃) ပြည်ထောင်စု အဖွဲ့ ဝင် ပြည်နယ်များသည် သက်ဆိုင်ရာ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်းခွင့် ရှိသည် တို့ ဖြစ်သည်။
ထို့အပြင် အချက် (၄) အာဏာခွဲဝေမှု (Power Sharing)၊ သယံဇာတခွဲဝေမူ (Resource Sharing)၊ အခွန် ဘဏ္ဍာခွဲဝေမှု (Revenue Sharing ) နှင့် ဖက်ဒရယ် ဘဏ္ဍာရေးစနစ်တို့ကို ကျင့်သုံးခြင်း၊ အာဏာခွဲ ဝေ ရာတွင် ပြည်သူလူထုနှင့် အနီးကပ်ဆုံး အစိုးရ၏ လုပ်ဆောင်နိုင်စွမ်းထက် ကျော်လွန်သည့် ကိစ္စရပ် များကိုသာ အထက်အစိုးရအဆင့်ဆင့်က တာဝန်ယူဆောင်ရွက်ရသည့် ဥပဒေကို ကျင့်သုံးရမည်နှင့် (၅) ဖက်ဒရယ် ပြည်ထောင်စု လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ တပ်ဖွဲ့များအားလုံးသည် ဒီမိုကရေစီ နည်း ကျ ရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရ၏ ကွပ်ကဲမှုနှင့် စီမံအုပ်ချုပ်မှု အောက်တွင် ရှိပြီး လူသားလုံခြုံရေးကို အခြေခံသည့်မူဝါဒ ကျင့်သုံးခြင်း စသည့် အချက်များ ဖြစ်သည်ဟု SSPP ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။
လက်ရှိတွင် ငြိမ်းချမ်းရေးအတွက်ဟု ဆိုကာ စစ်ကောင်စီနှင့် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးထားသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များမှာ NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့များ အပြင် လက်မှတ်မရေးထိုးထားသေးသည့် အဖွဲ့အချို့လည်း ပါဝင်သည်။
NCA-S EAO အဖွဲ့များမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS၊ ရခိုင်လွတ်မြောက်ရေးပါတီ ALP၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး LDU၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ KNU/KNLA/PC နှင့် ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် DKBA တို့ ဖြစ်ကြသည်။
NCA မရေးထိုးထားရသေးသည့် အဖွဲ့များမှာ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ၊ “ဝ”ပြည် သွေးစည်း ညီညွတ်ရေး ပါတီ (UWSP) နှင့် အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDAA – မိုင်းလား) တို့ ဖြစ် ကြသည်။