ခရိုင်ရဲက ရပ်ကွက်များအတွင်း ညအချိန် ဝင်ရောက်ရှာဖွေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်။

မြစ်ကြီးနား ခရိုင်ဒုစရိုက်နှိမ်နှင်းရေး (ခရိုင်ဒန) ရဲအဖွဲ့ က မြို့ပေါ် ရပ်ကွက်အချို့ကို ညအချိန် တွင် ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု မြို့ခံများက ပြောသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်က ရမ်ပူ၊ အေးစေတီနှင့် အောင်နန်းရပ်ကွက်တို့အတွင်း စစ်ဆေးမှုများ ရှိနေသည်ဟု အဆိုပါ ရပ်ကွက်များအတွင်း နေသူများက ပြောသည်။

“လူတော့ မပါသွားဘူး။ တကယ်လည်း သူတို့ တိုင်သလိုမှ မရှိတာ။ ရှာပြီးတော့ သူတို့လိုတာ မတွေ့လို့ ပြန်သွား ကြတယ်။ ဧည့်စာရင်း တိုင်ခိုင်းတာတော့ ရှိတယ်” ဟု မြို့ခံအမျိုးသား တစ်ဦး က ပြောသည်။

စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း CDM လုပ်ထားသည့် ဝန်ထမ်းများမှ CDM မလုပ်သည့် ဝန်ထမ်းများကို ခြိမ်းခြောက်မှုများရှိနေသည် ဆိုသည့် သတင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ဖွဲ့ဝင်များ ရပ်ကွက်အတွင်း နေထိုင်နေကြောင်း တိုင်ကြားမှုများ ရှိနေသည်ဟုဆိုကာ ဝင်ရောက်စစ်ဆေးခြင်းဖြစ်သည် ဟု သိရသည်။

အရပ်ဝတ်နှင့် လက်နက်ကိုင်ဆောင်ထားသူ ခရိုင်ဒန (ခရိုင်ဒုစရိုက်နှိမ်နှင်းရေး ရဲအဖွဲ့) က အဖွဲ့ဝင်များက ရပ်ကွက် များအတွင်း ဝင်ရောက်ရှာဖွေကြခြင်းဖြစ်ပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် နယ်မြေမှူးများလည်း ပါရှိခြင်းမရှိဟု ရှာဖွေ စစ်ဆေးခံခဲ့ရသည့် အိမ်အနီးပတ်ဝန်းကျင်များတွင် နေထိုင်ကြသူများက ပြောသည်။

ကချင်ပြည်နယ်အတွင်း စစ်ကောင်စီ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များနှင့် ရဲတပ်ဖွဲ့ဝင်များသည် အရပ်သား ပြည်သူများနေထိုင်သည့် မြို့ပေါ်ရပ်ကွက်များအပြင် ကျေးရွာများထဲတွင်ပါ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများ မပါဘဲ ဝင်ရောက်စစ်ဆေးခြင်း၊ ခြိမ်းခြောက်ခြင်းများကို စစ်အာဏာသိမ်းပြီးနောက် ဆက်တိုက်ကျူးလွန် လျှက် ရှိသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံသားများ၏ ပုဂ္ဂိုလ် ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေကို ပြင်ဆင်ခဲ့ပြီးနောက် နိုင်ငံသားများ၏ မူလအခွင့်အရေးများအား အကာအကွယ် ပေးထားသည့် ပြဌာန်းချက် အတော်များများကို ရပ်ဆိုင်းလိုက်သည်ဟု တရားလွတ်တော် ရှေ့နေတဦးက ပြောသည်။

တရားလွတ်တော် ရှေ့နေတဦးက “နိုင်လွတ်လုံမှာ အပိုဒ်-က ဝရမ်း တစုံတရာမရှိဘဲ နိုင်ငံသာတဦးရဲ့ နေအိမ်တွေ အခန်းတွေ အဆောက်အအုံထဲ ကို ဝင်ရောက် ရှာဖွေခြင်း၊ သိမ်းဆည်းခြင်း ဖမ်းဆီးခြင်း မလုပ်ရဆိုပြီး ပြဌာန်း ထားတဲ့ အချက် အဲ့ဒါကို ဖျက်သိမ်း လိုက်ပြီး လုပ်ချင်သလို လုပ်နေတာ“ ဟု ပြောသည်။

စက်တင်ဘာလ ၁၈ ရက်နေ့၊ ည ၉ နာရီအချိန်ခန့်တွင် မြစ်ကြီးနားမြို့နယ်၊ အာလမ်ကျေးရွာတွင် နေထိုင်သည့် အသက် ၃၅ နှစ် အရွယ် လီဆူအမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်သားများက ပစ်သတ်ပြီး ၎င်းနေထိုင်သည့် အိမ်ခြံဝန်းအတွင်းမှာပင် မီးရှို့ထားခဲ့သည့် ဖြစ်စဉ်လည်းရှိခဲ့သည်။

ထို့အပြင် စက်တင်ဘာလ ၁၃ ရက်နေ့၊ ည ၁၁ နာရီခန့်ကလည်း မြစ်ကြီးနားမြို့၊ အေးမြသာယာရပ်ကွက်၊ သံလမ်း ကူးအနီးတွင် ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦးကို ဆိုင်ကယ်မရပ်ပေးသဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်နှင့် ပစ်ခတ်ခဲ့သည်ဟု ရပ်ကွက်နေသူများက ပြောသည်။

ဓါတ်ပုံ – Tha Din