ပျူစောထီခေါင်းဆောင်တစ်ဦး ပစ်သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်။
လောင်းလုံးမြို့နယ် ကျောက်ဆင်ကျေးရွာ လမ်းပိုင်းတနေရာတွင် ပျူစောထီးခေါင်းဆောင် တစ်ဦး ပစ်သတ်ခံ လိုက်ရသည်ဟု ဒေသခံများက ပြောသည်။
ပျူစောထီးခေါင်းဆောင် ဦးဆန်းမင်းဦးဆိုသူသည် စက်တင်ဘာလ ၂၇ ရက်နေ့၊ မွန်းလွဲ ၂ နာရီခွဲ အချိန်ခန့်က သေနတ်ဖြင့် ပစ်ခတ်ခံရပြီး နေရာတွင်ပင် သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။
အသက် ၃၀ ခန့်အရွယ် ရွာသားတစ်ဦးက “သူက ရွာမှာ အလုပ်အကိုင်မရှိ ဆေးစွဲလူငယ်တွေကို စည်းရုံးပြီး စစ်တပ်ထဲခေါ် ပျူသင်တန်းတွေ ပေးနေတာ“ ဟု ပြောသည်။
သေဆုံးသူ ဦးဆန်းမင်းဦးသည် လောင်းလုံးအခြေစိုက် ခလရ (၁၀၄) တပ်ရင်းတွင် ပျူစောထီးသင်တန်းပေးပြီး အိမ်အပြန် ကျေးရွာလမ်းပိုင်း တနေရာတွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ရင်ဘတ်နှင့် ဦးခေါင်းတို့တွင် ကျည်ထိ မှန်ကာ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ပစ်သတ်ခံရသူမှာ ကျောက်ဆင်ကျေးရွာမှ ပျူစောထီးခေါင်းဆောင်ဖြစ်ပြီး သမက်ဖြစ်သူမှာ ခလရ
(၁၀၄) တပ်ရင်းမှ တပ်သားတစ်ဦးဖြစ်ကာ ပျူစောထီးများအား သင်တန်းပေးနေသူ ဖြစ်သည်။
ထို့အပြင် ဦးဆန်းမင်းဦးသည် သဘော့ဆိပ် ပျူစောထီးခေါင်းဆောင် ဦးလေးလေး ၏ တပည့်အရင်း တစ်ဦး လည်း ဖြစ်သည်ဟု ရွာသားများက ပြောသည်။
သေဆုံးသူ ဦးဆန်းမင်းဦးအား ပစ်ခတ်မှုကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF က လုပ်ခဲ့ခြင်း သာဖြစ်ပြီး ကျေးရွာနေ ပြည်သူများ နှင့် မသက်ဆိုင်ကြောင်း အဆိုပါ အဖွဲ့က စက်တင်ဘာလ ၂၇ ရက်နေ့ မှာပင် သတင်းထုတ်ပြန် ထားသည်။
လောင်းလုံးမြို့နယ် အတွင်းရှိ ပျူစောထီးများ၊ စစ်ကောင်စီ သတင်းပေးများကိုလည်း ၎င်းတို့ ၏ လုပ်ရပ်များကို ရပ်တန်းကရပ်ပြီး အလင်းဝင်ပေးကြပါရန် နှင့် ဆက်လုပ်နေမည်ဆိုပါက အမြစ်ပြတ်သည်အထိ ရှင်းလင်းသွား မည် ဖြစ်ကြောင်း LLPDF က ထုတ်ပြန်ချက်အတွင်း သတိပေးရေးသားဖေါ်ပြထားသည်။