PDF နှင့် ဆက်သွယ်မှုဖြင့် ရဲတပ်ဖွဲ့ဝင်များ ဖမ်းခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်။
ရဲတပ်ဖွဲ့ဝင် ၃ ဦး နှင့် ရဲတပ်ဖွဲ့ဝင် ၁ ဦး၏ ဇနီးတို့ကို ဖျာပုံ PDF များနှင့် ဆက်သွယ်သည်ဟု ဆိုကာ စစ်ကောင်စီက ဖမ်းဆီးထားသည်ဟု ဒေသခံများ က ပြောသည်။
ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ ရဲတပ်ဖွဲ့က ရဲတပ်ကြပ် ထွန်းထွန်းနိုင်၊ ရဲတပ်သား မင်းထက်ပိုင်၊ ရဲတပ်သား ထက်လင်း နှင့် ၎င်း၏ ဇနီး မကေသီဝင်း တို့ကို စက်တင်ဘာလ ၂၆ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးလိုက်ခြင်း ဖြစ် သည်။
“ပြီးခဲ့တဲ့ လတုန်းက ရန်ကုန်မှာ အဖမ်းခံရတဲ့ ဖျာပုံသား စံလင်းစံဆိုတဲ့ PDF တစ်ယောက် နဲ့ ပတ်သက်တယ် ဆို ပြီး ဖမ်းလိုက်ကြတာ” ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦး က ပြောသည်။
စစ်ကောင်စီက ဖမ်းထားသည့် ရဲတပ်ဖွဲ့ ၃ ဦး နှင့် ရဲတပ်သားတစ်ဦး၏ ဇနီးဖြစ်သူတို့ကို သတင်းထိန်ချန်မှု၊ PDF များနှင့် ဆက်သွယ်ပူးပေါင်းမှုတို့ကြောင့် ဖမ်းထားခြင်းဖြစ်ပြီး ၎င်းတို့ကို စစ်ကောင်စီ၏ ပြည်ထဲရေး ဝန်ကြီး ဌာန ထံ ဆက်လက်တင်ပြထားသည်ဟု ရဲတပ်ဖွဲ့ အသိုင်းအဝိုင်းက ပြောသည်။
ရန်ကုန်မြို့တွင် အဖမ်းခံရသည့် ဖျာပုံ PDF အဖွဲ့ဝင် ကိုစံလင်းစံ၏ ထွက်ဆိုချက်အရ ၎င်း၏ဖုန်း Massanger မှ တဆင့် ဖျာပုံမြို့နယ် ရဲတပ်ဖွဲ့ဝင်များ နှင့် ဆက်သွယ် ဆောင်ရွက်ထားသည်ကို စစ်ဆေးပေါ် ပေါက်သည် ဟု ဆိုကာ အဆိုပါ ရဲတပ်ဖွဲ့ဝင်များကို ထပ်မံဖမ်းဆီးလိုက်ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့ သတင်းရင်းမြစ် အသိုင်း အဝိုင်းက ပြောသည်။
“လက်ရှိမှာတော့ သူတို့ ၄ ဦးကို ဖျာပုံနဲ့ နီးတဲ့ ကျိုက်လတ် မြို့မရဲစခန်းမှာ အချုပ်နဲ့ထားပြီး စရဖ က တိုက်ရိုက် စစ်ဆေးနေတယ်။ လာဖမ်းတုန်းကတော့ စစ်တပ်က လာဖမ်းတာ” ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦး က ပြော သည်။
စက်တင်ဘာလ ၂၆ ရက်နေ့တွင် ဖျာပုံမြို့နယ်အတွင်းရှိ ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင် ၃ ဦး နှင့် ရဲတပ်ဖွဲ့ဝင် ၁ ဦး၏ ဇနီးတို့ ထပ်မံဖမ်းဆီးခံရခြင်းမှာ ရန်ကုန်တွင် ဖမ်းဆီးခံထားရသည့် ကိုစံလင်းစံဆိုသူ၏ ထွက်ဆိုချက်ကြောင့် ဖြစ်သည်ဟု သိရသည်။ ကိုစံလင်းမှာ သြဂုတ်လ ၃၁ ရက်နေ့က ရန်ကုန်တိုင်း၊ အလုံမြို့နယ်တွင် ဖျာပုံ PDF နှင့် မအူပင် PDF အဖွဲ့ဝင်ဟုစွပ်စွဲကာ စစ်ကောင်စီတပ် ၏ ဖမ်းဆီးခြင်းကို ခံလိုက် ရသည့် ဖမ်းဆီးခံထားရသူ စုစုပေါင်း ၁၉ ဦးတွင် တစ်ဦး အပါအဝင် ဖြစ်သည်။