ဆို၊ က၊ ရေး၊ တီး ကျောင်းသူကျောင်းသားများတွင် ကိုဗစ်-၁၉ ပိုးတွေ့
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်။
မြစ်ကြီးနားတွင် စခန်းသွင်း လေ့ကျင့်နေသော နေပြည်တော်သို့ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲသွားရောက်မည့် ကျောင်းသား/သူများ တွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့သည်ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမတွင် ၂၃ ကြိမ်မြောက် ဆို၊က၊ရေး၊တီး ပြိုင်ပွဲများ ကျင်းပခဲ့ပြီး နေပြည်တော်သို့ သွားရောက်ယှဉ်ပြိုင်ရန် Camp သွင်း လေ့ကျင့်နေသည့် မိုးညှင်းမြို့နှင့် ရွှေကူမြို့မှ လာရောက်ယှဉ်ပြိုင်သူများ အနက် မိုးညှင်းမြို့က ကျောင်းသား/သူ စုစုပေါင်း ၈ ဦးထံမှ ပိုးတွေ့ခဲ့ခြင်း ဖြစ်သည်ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။
တာဝန်ရှိသူတစ်ဦး က “မနေ့တုန်းကဆို ဆေးလေးချောင်း ထိုးပြီးတဲ့သူမှာ COVID တွေ့တာ။ သူ့မှာဖျားတာ၊ ချောင်းဆိုးတာ၊ အသက်ရှုကြပ်တာ ဘာလက္ခဏာမှ မတွေ့ရဘူး။ သန်သန်မာမာကြီးပဲ” ဟု ပြောသည်။
မိုးညှင်းမြို့က ကျောင်းသား/သူများထံမှ စက်တင်ဘာလ ၂၇ ရက်နေ့တွေက COVID-19 ရောဂါပိုးတွေ့ရှိပြီး နောက် စက်တင်ဘာလ ၂၈ ရက်နေ့တွင် ရွှေကူမြို့က ကျောင်းသူ တစ်ဦး ထံမှ ရောဂါပိုး ထပ်မံတွေ့ရှိရခြင်း ဖြစ်သည်ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။
စက်တင်ဘာလ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့ထိ ၃ ရက်ကြာ ဧရာရပ်ကွက်၊ မြို့တော်ခန်းမတွင် ပြည်နယ်အဆင့် ဆို၊က၊ရေး၊တီး ပြိုင်ပွဲကို ကျင်းပခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ထို့အပြင် စက်တင်ဘာလ ၂၆ ရက်နေ့တွင်လည်း မြစ်ကြီးနားမြို့ပေါ်ရပ်ကွက် တစ်ခုဖြစ်သည့် ရမ်ပူရပ်ကွက်က အမျိုးသမီးနှစ်ဦးနှင့် အသက် ၂ နှစ်အရွယ် ကလေးတစ်ဦးထံတွင် COVID-19 ရောဂါတွေ့ရှိခဲ့သည်။
ထို့ကြောင့် လက်ရှိ မြစ်ကြီးနားမြို့တွင် COVID-19 ရောဂါပိုးတွေ့သူ ၁၀ ဦးကျော် ရှိလာနေပြီ ဖြစ်သည် ဟု သိရ သည်။
COVID-19 ရောဂါသည် ယခင်က ကူးစက်ခံခဲ့ရဖူးသူများလည်း ပြန်လည်ကူးစက်နိုင်ကာ ကာကွယ်ဆေး ထိုးထားသူများလည်း ရောဂါ ကူးစက်ခံရမှု ဖြစ်ပွားနိုင်သည်ဟု ကျန်းမာရေးဝန်ထမ်းများက ပြောသည်။
သို့သော် ယခုအကြိမ် မြန်မာနိုင်ငံအတွင်း ထပ်မံဖြစ်ပွားနေသည့် COVID-19 ကူးစက်မှုကြောင့် သေဆုံးသူမှာ မရှိသလောက်နည်းပါးသွားပြီ ဖြစ်သည်။
သေဆုံးသူ နည်းပါးသွားသော်လည်း ပြည်သူများအနေဖြင့် ကျန်းမာရေး အသိရှိကြရန်နှင့် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာကြဖို့ မြစ်ကြီးနားမြို့က ကျန်းမာရေးဝန်ထမ်းအချို့က သတိပေး ပြောဆိုနေကြသည်။