ရဲသတင်းပေးဆိုသူ တစ်ဦး လမ်းတွင် ပစ်သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်။
ရဲထောက်လှမ်းရေး သတင်းပေးဆိုသူတစ်ဦး ရေဖြူမြို့နယ်အတွင်း သွားလာနေစဉ် ဒေသခံ ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းအဖွဲ့များက သေနတ်ဖြင့် ပစ်သတ်ခဲ့သည်ဟု ထားဝယ်ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ DGRF မှ သတင်းထုတ်ပြန်ထားသည်။
ထိုရဲဝန်ထမ်း ထောက်လှမ်းရေး သတင်းပေး ကိုစိုးမိုးအောင်ကို ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ လမ်းပိုင်းတစ်နေရာတွင် စက်တင်ဘာလ ၂၇ ရက်နေ့၊ ညနေ ၆ နာရီခွဲ အချိန်ခန့်က ပစ်သတ်လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။
အသက် ၄၀ ခန့်အရွယ် ဒေသခံတစ်ဦးက “အဲ့ဒီ ရဲက ဆိုင်ကယ်တစ်စီးနဲ့ တယောက်ထဲသွားလာတတ်တယ်” ဟု ပြောသည်။
ကိုစိုးမိုးအောင် ကို စက်တင်ဘာလ ၂၇ ရက်နေ့ ညနေ ၆ နာရီခွဲခန့်တွင် Dawei Guerrilla Revolutionary Force – DGRF အဖွဲ့ နှင့် လောင်းလုံး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF/PDFတို့က ပူးပေါင်း၍ လုပ်ခဲ့ခြင်းဖြစ်သည်ဟု
ထားဝယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ DGRF မှ စက်တင်ဘာလ ၂၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားခြင်း ဖြစ်သည်။
သေနတ်ဖြင့်ပစ်သတ်ခံရသူ ကိုစိုးမိုးအောင်သည် ရေဖြူမြို့နယ် ရဲစခန်းမှ ထောက်လှမ်းရေး ရဲတပ်သား တစ်ဦး ဖြစ်ပြီး ချဲထီဒိုင်များနှင့် လောင်းကစားဝိုင်းများထံတွင်လည်း လိုက်လံ၍ ငွေကြေးကောက်ခံနေသူ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ထို့အပြင် ၎င်းသည် ဒေသအတွင်းရှိ PDF များ၏ သတင်းများကို စုံစမ်းထောက်လှမ်းကာ စစ်တပ်ကို သတင်း ပေးပို့ခြင်းများ ပြုလုပ်နေသူ ဖြစ်သည်။
ထိုသို့ လုပ်ဆောင်နေမှုများနှင့် ပတ်သက်၍လည်း ဒေသခံ PDF ပူးပေါင်းအဖွဲ့များက အထောက်အထားများ ခိုင် ခိုင်လုံလုံ ရရှိထားခြင်းကြောင့် ယခုကဲ့သို့ လုပ်ဆောင်ရခြင်း ဖြစ်သည်ဟု PDF ပူးပေါင်း အဖွဲ့များထဲမှ အဖွဲ့ဝင် တစ်ဦး က ပြောသည်။
ကိုစိုးမိုးအောင်အား ရှင်းလင်းသည့် ကိစ္စကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းလုပ်ဆောင်ခဲ့ ခြင်းသာ ဖြစ်ပြီး ကျေးရွာနေပြည်သူများနှင့် သက်ဆိုင်မှု မရှိကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထား သည်။