ရဲတပ်ကြပ်ဟောင်း တစ်ဦး ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်။

မြိတ် – တနင်္သာရီ လမ်းမကြီးပေါ်က ဇဝဲလမ်းဆုံရှိ စစ်ကောင်စီ လက်အောက်ခံ ခလရ ၅၅၆ တပ်ရင်း အနီး နေထိုင်သည့် ရဲတပ်ကြပ်ဟောင်း အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံလိုက်ရသည်။

ပစ်သတ်ခံရသူမှာ အသက် ၅၅ နှစ်အရွယ်ရှိသူ ဦးခင်မောင်ထူး ဖြစ်ပြီး တနင်္သာရီမြို့နယ် အတွင်းရှိ ဇဝဲကျေးရွာ ၏ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး တစ်ဦးဖြစ်ပြီး ရဲတပ်ကြပ်ဟောင်းတစ်ဦးလည်း ဖြစ်သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

အသက် ၃၅ နှစ်အရွယ် ဇဝဲရွာသား တစ်ဦး က “သူ့ကြောင့် အဖမ်းခံရတဲ့သူတွေ များတယ်။ PDF နဲ့ CDM တွေ အကြောင်းကို စုံစမ်း လေ့ လာပြီး စစ်တပ်ဆီ သတင်းပေးဖမ်းခိုင်းတယ်” ဟု ပြောသည်။

ဦးခင်မောင်ထူးကို စက်တင်ဘာလ ၂၈ ရက်နေ့၊ နံနက် ၁၀ နာရီ အချိန်ခန့်က နေအိမ်ရှေ့တွင် ဆိုင်ကယ်စီး အမည်မသိ လူ ၂ ဦးက သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ဦးခင်မောင်ထူးသည် လက်နက်ကိုင်ဆောင်ထားပြီး ထိုင်းနိုင်ငံကို အလုပ်လုပ်ရန် သွားသည့် (ဒေသအခေါ် ဘော လုံး) ကားများတွင် ငွေကြေးတောင်းခံခြင်း၊ ချဲထီဒိုင်များနှင့် မူးယစ်ဆေးဝါးရောင်းချသူများထံမှ ငွေကြေး ကောက်ခံပြီး စစ်တပ်နှင့် ခွဲဝေ လုပ်ကိုင်စားသောက်နေသူ တစ်ဦး ဖြစ်သည်ဟု ဇဝဲရွာခံများက ပြောသည်။

ဦးခင်မောင်ထူး ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်သားများက မြိတ်-တနင်္သာရီသွားလမ်းပေါ်ရှိ ဇဝဲလမ်း ဆုံတွင် လမ်းသွားလမ်းလာများ၊ ဆိုင်ကယ်နှင့် ကားများကို စစ်ဆေးမေးမြန်းမှုများ ထိုနေ့ ညနေပိုင်းအချိန်ထိ ပြုလုပ်ခဲ့ကြသည် ဟု ဒေသခံများက ပြောသည်။