သကြားဈေးတက်၍ ချဉ်စော်ကားသီး ဝိုင် လုပ်ငန်းလုပ်သူ အမျိုးသမီးများအခက်တွေ့
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်။
သကြားရှားပါးမှုကြောင့် သကြားဈေးနှုန်း နှစ်ဆကျော်မြင့်တက်လာသည့်အတွက် ချဉ်စော်ကားသီး ယိုနှင့် ဝိုင်ပြုလုပ်ရောင်းချသူများ ဝင်ငွေ လျော့နည်းသွားသည်ဟု ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်ဒေသခံ အမျိုးသမီးများက ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာအုပ်စုအတွင်းနေ အိမ်ထောင်ရှင် အမျိုးသမီး အချို့သည် ရာသီပေါ် အသီးဖြစ်သည့် ချဉ်စော်ကားသီးကို ယိုနှင့်ဝိုင်များ ပြုလုပ်ပြီး တဖက်တလမ်းက ဝင်ငွေ ရှာ လုပ်ကိုင်ကြသော်လည်း ယခုနှစ်တွင် သကြားဈေး မတတ်နိုင်သဖြင့် ကုန်ထုတ်လုပ်နိုင်မှု လျော့နည်းကာ ဝင်ငွေလျော့နည်းလာသည်ဟု ဒေသခံအမျိုးသမီး အချို့ကပြောသည်။
ကောင်းခါးမြို့ခံ ချဉ်စော်ကားသီး ခြံပိုင်ရှင် အမျိုးသမီး တစ်ဦးက “သကြားဈေးက အရင်က ၃၀ ပိဿာပါတဲ့ တစ်အိတ်ကို ၃၀,၀၀၀ ကျပ်ကနေ အခုက ၇၅,၀၀၀ အထိ ဈေးတက် သွားတယ်။ ဝယ်မယ်ဆိုရင်တောင် လိုက် ရှာရတာ မလွယ်ဘူး။ အဲဒါကြောင့် အရင်နှစ်တွေကလို ဝိုင်တွေ ယိုတွေ မလုပ်နိုင်တဲ့သူ များတယ်။ ဒီနှစ်က ချဉ် စော်ကားသီးခြံ လုပ်တဲ့သူတွေနဲ့ အသီးဝယ်ပြီး ယိုတွေ ဝိုင်တွေ လုပ်နေကျ လူတွေက ဝင်ငွေတော့ လျော့သွား တာပေါ့” ပြောပါသည်။
ချဉ်စော်ကားသီး ရာသီပေါ်ချိန်တွင် အလုံးလိုက်ရောင်းချမှုများ ရှိသော်လည်း ဒေသခံအမျိုးသမီး အများစုအနေ ဖြင့် ဝင်ငွေပိုရရှိအောင် အမြတ်အစွန်းများများရနိုင်သည့် ချဉ်စော်ကားသီး ယိုနှင့် ဝိုင်များကို မိမိတို့ နေအိမ်များ မှာပင် ပြုလုပ်ကြခြင်း ဖြစ်သည်။
ထိုသို့ ယိုနှင့်ဝိုင်များ ပြင်ဆင်ပြုလုပ်ရောင်းချရာမှ ရရှိလာသည့် အမြတ်ငွေများဖြင့် မိသားစုအတွက် လိုအပ် သည့် အိမ်သုံးပစ္စည်းများနှင့် အထွေထွေ အသုံးစရိတ်များတွင် ထည့်သွင်းသုံးစွဲကြကြောင်း ဒေသခံ အမျိုးသမီး များက ပြောသည်။
ချဉ်စော်ကားသီး ယိုနှင့်ဝိုင်ကို တနိုင်တပိုင် လုပ်ကိုင်ရောင်းသူ ကောင်းခါးဒေသခံ အိမ်ရှင်မတစ်ဦး က “ ကျမတို့ နှစ်တိုင်း ဒီအချိန်မှာ ၁၀ သိန်း ဝန်းကျင်တော့ ရနေကျပဲ။ ဒီနှစ်ကတော့ တစ်ဝက်လောက်ပဲ ဝင်တယ်ဆိုတော့ သုံးချင်သလောက် မသုံးရတာပေါ့။ အရင်ကတော့ အဲဒီငွေတွေနဲ့ အိမ်အတွက် လိုအပ်တဲ့အသုံးအဆောင် တစ်ခုခု ဝယ်ဖြည့်တယ်။ ဒီနှစ်ကတော့ ဘာမှ မဝယ်နိုင်တော့ဘူး” လို့ ပြောပါသည်။
ယခုနှစ်တွင် သကြားဈေးနှုန်း နှစ်ဆမြင့်တက်သွားပြီး ကွတ်ခိုင်မြို့အတွင်း သကြားအိတ်လိုက် ဝယ်ယူရန် ခက်ခဲ ရှားပါးနေသည့်အပြင် ဝယ်ယူနေကျ လက်ကားဆိုင်အများစုတွင်လည်း သကြားပြတ်လပ်နေသည့် အတွက် အိမ်ဆိုင်များ၌ပင် တင်ရောင်းရန် သကြား မရှိတော့ကြောင်း အိမ်ဆိုင်ဈေးဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ယောက်က ပြောဆိုသည်။
ကွတ်ခိုင်မြို့နှင့် ကောင်းခါးကျေးရွာအုပ်စု ဒေသတဝိုက်တွင် နှစ်စဉ်နှစ်တိုင်း ဩဂုတ်လမှ အောက်တိုဘာလ အတွင်း ရာသီပေါ် ချဉ်စော်ကားသီးများကို ဝိုင်၊ ယိုနှင့် ဟင်းထဲတွင် ထည့်ချက်ရသည့် ချဉ်စော်ကားသီး အခြောက်များအဖြစ် ပြုပြင်ရောင်းချမှုမှ ဒေသခံအမျိုးသမီးများအတွက် ဝင်ငွေများကို ရရှိကြသည်။
သို့သော် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ယခုနှစ်တွင် လိုအပ်သည့် သကြားဈေး နှစ်ဆကျော်နီးပါး မြင့် တက်နေမှုများကြောင့် ချဉ်စော်ကားသီး ယိုနှင့်ဝိုင်ကို အနည်းငယ်သာ ပြုလုပ်ရောင်းချရသဖြင့် ဝင်ငွေလျော့ နည်းပြီး အထွေထွေ အိမ်သုံးစရိတ် မလောက်ငှ ခက်ခဲလာမည်ကို စိုးရိမ်နေကြသည်ဟု အိမ်ထောင်ရှင် အမျိုး သမီးများက ပြောဆိုနေကြသည်။
ဓါတ်ပုံ – ရီရီချို