စခန်းမှူးအပါအဝင် ရဲသုံးဦး သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်။
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့မရဲစခန်းက စခန်းမှူးအပါအဝင် ရဲတပ်သား ၃ ဦးကို ရေးဘီလူးအဖွဲ့က ပစ်သတ်ခဲ့သည်ဟု ထုတ်ပြန်ကြေညာသည်။
ခေါဇာမြို့မရဲစခန်းက စခန်းမှူးနှင့် တပ်သားနှစ်ဦးတို့သည် စက်တင်ဘာ ၃၀ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က ခေါဇာမြို့မှ ရေးမြို့သို့အသွား လမ်းတွင် ပစ်သတ်ခံလိုက်ရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ရဲများထံမှ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိသည်ဟုလည်း ရေးဘီလူး အဖွဲ့က ထုတ်ပြန်ထားသည်။
”ခေါဇာကနေ အိမ်စီးကားနဲ့ တက်လာတဲ့ စခန်းမှူးအပါအဝင် တပ်သား နှစ်ဦးကို ကျနော်တို့ ကဗျာကြီးမှာ စောင့် ပြီးတော့ ရှင်းလင်းလိုက်တာဖြစ်တယ်။ ရှင်းလင်းလိုက်တဲ့ စခန်းမှူးနဲ့ တပ်သားတွေကနေ ကျွန်တော်တို့ G3 ၂ လက်၊ ပစ္စတိုတစ်လက်၊ ကျည်ဆံအချို့ သိမ်းဆည်းရမိတယ်” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။
ခေါဇာမြို့မစခန်းမှူးသည် မကြာခင်ကမှ ပြောင်းရွှေ့လာသည့် စခန်းမှူးဖြစ်ပြီး လစာထုတ်ရန် ရေးမြို့သို့အသွား တွင် ပစ်ခတ်ခံရသည်ဟု ဒေသခံများက ပြောသည်။
”လစာထုတ်ဖို့ အသွားမှာ အသတ်ခံရတယ်လို့ သိရတယ်၊ စခန်းမှူးက ပြောင်းလာတာ မကြာသေးဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၁ ရက်နေ့ကလည်း လမိုင်းမြို့ နယ်ထိန်းရဲကို ရေးဘီလူးအဖွဲ့က ပစ်သတ်ခဲ့သည်။
ရေးဘီလူးအဖွဲ့သည် ရေးမြို့နယ်အတွင်းက စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေကို မကြာခဏ ပစ်ခတ် ရှင်းလင်းလေ့ရှိသည့်အပြင် ဌာနဆိုင်ရာရုံးများ၊ ရဲစခန်းများနှင့် စစ်ဆေးရေးဂိတ်များကိုလည်း မကြာခဏ ဝင် ရောက်တိုက်ခိုက်လေ့ ရှိသည်။
ထို့အပြင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ အရပ်သားဝန်းထမ်းများနှင့် စစ်ကောင်စီသတင်းပေး ဒလန်ဟု သတ်မှတ် ခံရသည့် လူများကိုလည်း မကြာခဏ ပစ်ခတ်ရှင်းလင်းလေ့ရှိသည်။
ရှေ့ဆက်လည်း စစ်ကောင်စီသတင်းပေး ဒလန်များကို ပစ်ခတ်ရှင်းသွားမည်ဟု ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထား ပြီး အုပ်ချုပ်ရေးမှူးများနှင့် CDM မပြုလုပ်သောဝန်ထမ်းများကိုလည်း နှုတ်ထွက်ကြရန် သတိပေး ထုတ်ပြန်ထား သည်။
စစ်ကောင်စီကလည်း ရေးဘီလူးအဖွဲ့ကို ဖမ်းဝရမ်းထုတ်ထားပြီး သတင်းပေးသူကို ဆုကြေးငွေပေးမည်ဟု သတင်းထုတ်ပြန်ထားသည်။