ထောင်မှ လွတ်လာသော သတင်းထောက် အသည်းရောဂါ ခံစားနေရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်။

မကြာသေးမီက ပြန်လည် လွတ်မြောက်လာသည့် ဖားကန့်အခြေစိုက် သတင်းထောက် ကိုနောင်ရိုး အသည်းနှင့်ဆိုင်သည့် ရောဂါခံစားနေရသည်ဟု ၎င်းက ပြောသည်။

“ကျန်းမာရေး နည်းနည်းတော့ ထိလာခဲ့တယ်။ အသည်းနည်းနည်း ယောင်ချင်သလိုဖြစ်တယ် ထင်တယ်။ လွတ် ကာနီး အချုပ်ထဲမှာ အစားမစားနိုင်ပဲ အန်တာတော့ဖြစ်တယ်။ ဒီနေ့လည်း ဆေးခန်းသွားရတယ်။ ကျနော့် ဖုန်း ကိုတော့ ပြန်မပေးလိုက်သေးဘူး” ဟု အောက်တိုဘာလ ၃ ရက်နေ့တွင် ပြန်လွတ်လာသည့် ကိုနောင်ရိုးက ပြော သည်။

ပုဒ်မ ၅၀၅-က အတွက် ထောင်ဒဏ် တစ်နှစ် ခြောက်လ၊ လိုင်စင်မဲ့ ဆိုင်ကယ်စီးခြင်းကြောင့် ပို့ကုန်သွင်းကုန်ဖြင့် တစ်လ စုစုပေါင်း ထောင်ဒဏ် တစ်နှစ်နှင့် ခုနှစ်လကို ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မဇွပ်ယာန်ထောင်
ကျခံခဲ့ရပြီး ပြစ်ဒဏ်ကာလ ရက်ပြည့်သဖြင့် လွတ်မြောက်လာခြင်းဖြစ်သည်ဟု Voice Of Malikha News Agency မှ သတင်းထောက် ကိုနောင်ရိုး က ပြောသည်။

အောက်တိုလာလ ၃ ရက်နေ့တွင် ကိုနောင်ရိုး အပါအဝင် နိုင်ငံရေးလှုပ်ရှားမှုများကြောင့် အဖမ်းဆီးခံခဲ့ရသူ နိုင်ငံ ရေး အကျဉ်းသား ၁၂ ဦး မဇွပ်ယာန်ထောင်မှ လွတ်ရက်စေ့၍ ပြန်လည်လွတ်မြောက်လာသည်ဟု သိရသည်။

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မဇွပ်ယာန်ကျေးရွာတွင်ရှိသည့် မဇွပ်ယာန် အချုပ်ထောင်မှ လွတ်မြောက် လာသည့် နိုင်ငံရေး အကျဉ်းသား ၁၂ ဦးတွင် လုံးခင်းကျေးရွာ ရာစုသစ် လက်ဖက်ရည်ဆိုင်မှ အမျိုးသမီးတစ်ဦး၊ မမုံကျေးရွာတွင် ညဘက်လုံခြုံရေး ဂိတ်ထားရှိမှုကြောင့် ပုဒ်မ ၅၀၅-က နှင့် ဖမ်းဆီးခံထားရသည့် အမျိုးသား ၁၀ ဦးနှင့် ကိုနောင်ရိုးတို့ ဖြစ်ကြသည်။

သတင်းထောက် ကိုနောင်ရိုးသည် ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် ဖားကန့်မြို့၊ ပန်းတင်တံတားအနီးတွင် Press ဦးထုပ်နှင့် အကျီဝတ်ထားပြီး လုံခြုံရေးယာဉ်တန်းကို ဖုန်းနှင့် ဓာတ်ပုံရိုက်ရာမှ နိုင်ငံတော် အကြည်ညိုပျက်စေမှုနှင့် စစ် ကောင်စီ က တရားစွဲဆို ထောင်ချခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ စတင်၍ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့ထိ ဖမ်းဆီးချုပ်နှောင်ခြင်း ခံထား ရသူ စုစုပေါင်း (၁၂၅၆၃) ဦးရှိပြီး၊ လူဦးရေ (၁၄၉၉) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်ဟု နိုင်ရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားသည်။