ရေးတိုက်ပွဲ နှစ်ဘက် အကျအဆုံးရှိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်။

မွန်ပြည်ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့ ရေးမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ကျဆုံးမှုများ ရှိခဲ့သည်ဟု သိရသည်။

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့တွင် မွန်ပြည်ကာကွယ်ရေးတပ် (တောင်ပိုင်း)- MSDF-S နှင့် စစ်ကောင်စီ လက်အောက်ခံ ခလရ (၃၁) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က တပ်ရေးဗိုလ်ကြီး တစ်ဦး အပါ အဝင် ၃ ဦး သေဆုံးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ ဘက်က ၂ ဦး ကျဆုံးခဲ့ခြင်း ဖြစ်သည်။

မွန်ပြည်ကာကွယ်ရေးတပ်(တောင်ပိုင်း) ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ”တိုက်ပွဲဖြစ်ချိန် ၂၅ မိနစ်ခန့်ကြာမြင့်ပြီး အင်အားမမျှလို့ လုံခြုံစိတ်ချရတဲ့ နေရာကို ပြန်လည် ဆုတ်ခွာခဲ့ရတယ်” ဟု ပြောသည်။

MSDF – S စစ်ကြောင်းနှင့် ခလရ ၃၁ စစ်ကြောင်းတို့ ခေါဇာမြို့တွင် ထိပ်တိုက်တွေ့ပြီး အောက်တိုဘာ ၃ ရက်နေ့၊ ညနေ ၅ နာရီ အချိန်ခန့်တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု နိုင်နဂါးက ပြောသည်။

နာရီဝက်နီးပါးကြာ ဖြစ်ပွားခဲ့သည့် အဆိုပါ တိုက်ပွဲတွင် အင်အားမမျှသည့်အတွက် ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု မွန်ပြည်ကာကွယ်ရေးတပ် (တောင်ပိုင်း) က ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က အနည်းဆုံး ၃ ဦးကျဆုံးပြီး မွန်ပြည်ကာကွယ်ရေးတပ် (တောင် ပိုင်း) ဘက်က တပ်သား ၂ ဦး ကျဆုံးသွားသည်ဟုလည်း ထုတ်ပြန်ထားသည်။

”တိုက်ပွဲဖြစ်တာ ဟုတ်တယ်၊ နာရီဝက်လောက်ရှိမယ် ပစ်နေကြတာ အခြေအနေကတော့ သေသေချာချာ ဘာမှ မသိရဘူး” ဒေသခံတစ်ဦးက ပြောသည်။

အလားတူ စက်တင်ဘာလ ၁ ရက်နေ့တွင်လည်း ခေါဇာမြို့မရဲစခန်းကို မွန်ပြည်ကာကွယ်ရေးတပ်ဖွဲ့ က ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

ခေါဇာမြို့တွင် အခြေစိုက်ထားသည့် ခလရ (၃၁) နှင့် ရဲစခန်းတို့သည် ရေးတောင်ပိုင်းဒေသအတွင်း လူငယ်များ အကြား မြင်းဆေးအပါအဝင် မူးယစ်ဆေးဝါးဖြန့်ဖြူးရာတွင် အဓိက အားပေးဆောင်ရွက်နေကြပြီး ၎င်းးလုပ်ငန်း မှ ဝင်ငွေရှာဖွေနေသည်ဟု မွန်ပြည်ကာကွယ်ရေးတပ်က ပြောဆိုထားသည်။

စက်တင်ဘာ ၃၀ ရက်နေ့တွင်လည်း ရေးမြို့သို့ လစာသွားထုတ်သည့် ခေါဇာမြို့မစခန်းမှူး စီးနင်းမောင်းနှင်လာ သည့် မော်တော်ကားကို လမ်းတဝက်တွင် ရေးဘီလူးအဖွဲ့က စောင့်ကြိုပစ်ခတ်ရာ စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ပြီး လက်နက်အချို့လည်း သိမ်းဆည်းရမိခဲ့သေးသည်။

ရေးမြို့နယ်အတွင်း ရေးဘီလူးအဖွဲ့အပြင် မွန်ပြည်ကာကွယ်ရေးတပ် (တောင်ပိုင်း) တို့ က စစ်ကောင်စီ တပ်ဖွဲ့နှင့် စစ်ကောင်စီ လက်အောက်ခံအဖွဲ့များကို ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်လျှက်ရှိသည်။

မွန်ပြည်ကာကွယ်ရေးတပ် (တောင်ပိုင်း)သည် မွန်လူမျိုးများနှင့် မွန်ပြည်နယ်အတွင်းရှိ ပြည်သူများဖြင့် ဖွဲ့စည်း ထားသည့် ကာကွယ်ရေးတပ်ဖြစ်ပြီး စစ်အာဏာရှင်ပြုတ်ကျသည် အထိ ဆက်လက်တိုက်ပွဲဝင်သွားမည် ထုတ်ပြန်ထားသည်။