စစ်ယာဉ်တန်း တိုက်ခိုက်ခံရ၊ စစ်ကောင်စီ စစ်သား ၁၀ ဦးကျော်သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်။

ပုလောမှ မြိတ်ဘက်သို့သွားသည့် စစ်ကောင်စီယာဥ်တန်း ၄ နာရီကြာ တိုက်ခိုက်ခံရပြီး စစ်သား ၁၀ ဦးထက် မနည်း သေ ဆုံးသွားသည် ဟု သိရသည်။

ပုလောမြို့နယ် အတွင်းရှိ ကဒဲကျေးရွာနှင့် သင်္ကန်းတောကျေးရွာကြား ပုလောဘက်မှ မြိတ်မြို့ဘက်အသွား အင် အား ၃၀ ကျော်ခန့်ပါသည့် စစ်ကား ၃ စီးပါ ယာဥ်တန်းကို PDF ပူးပေါင်းအဖွဲ့များက အောက်တိုဘာလ ၃ ရက်နေ့ ညနေပိုင်းက ၄ နာရီကြာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ တိုက်ခိုက်ခံရသည့်အတွက် စစ်သား ၁၀ ဦး ထက်မနည်းသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာ ရသွား ပြီး လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ကရင်အမျိုးသား ကာကွယ်ရေး အဖွဲ့ KNDO ပူရိယက္ခစစ်ကြောင်း က သတင်း ထုတ်ပြန် ထားသည်။

တိုက်ပွဲတွင် ပါဝင်ခဲ့သည့် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ PDF ပူးပေါင်းအဖွဲ့ ပြန်ကြားရေး တာဝန်ခံတစ်ဦးက “PDF ပူးပေါင်းအဖွဲ့တွေ က သတင်းအရ စောင့်ကြိုပြီး ကြားဖြတ်တိုက်ခိုက်တာပါ၊ သူတို့ဘက်က ပြန်ပစ်တာမို့ တိုက်ပွဲက အချိန်နည်းနည်း ကြာသွားတယ်” ဟု ပြောသည်။

အောက်တိုဘာလ ၃ ရက်နေ့၊ ညနေ ၃ နာရီမှ ည ၇ နာရီ အထိ ၄ နာရီ အကြာ ပစ်ခတ်တိုက်ခိုက်ခြင်းတွင်KNDO ပူရိယက္ခ စစ်ကြောင်းကို ဗိုလ် ဝေလက ဦးဆောင်ခဲ့ပြီး ပုလောဒေသခံ ပြည်သူ့ကာကွယ်ရေး အဖွဲ့များ ဖြစ်သည့် PRDF၊ PDF၊ UG၊ မိုးကြိုးအဖွဲ့တို့က ၄၀ မမ လက်နက်များနှင့် စနိုက်ပါသမားများဖြင့် စတင်ကာ ပစ်ခတ်တိုက် ခိုက်ခဲ့သည်ဟု အောက်တိုဘာလ ၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်သားများ ထိခိုက်သေဆုံးမှုများအပြင် စက်သေနတ်အမျိုးအစား ကျည် ၇၀ တောင့် ကျော်၊ လက်နက်ကြီး ကျည်တစ်ခု၊ ကျည်ကပ် ၅ ခု၊ စစ်ဘက်သုံး ဗုံးတစ်လုံး၊ သော့ခတ်ထားသည့် သေတ္တာ တစ်လုံးနှင့် အခြား စစ်အသုံးအဆောင်ပစ္စည်းအချို့တို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပူးပေါင်းတပ်ဖွဲ့များဘက်မှ KNDO တပ်စုမှူး တစ်ဦးသာ (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုလည်း ဆိုသည်။

လက်ရှိအခြေအနေတွင် KNDO ဦးစီးသည့် ပူရိယက္ခ ညီနောင်စစ်ကြောင်းမှ ပုလောအခြေစိုက် PDF မဟာမိတ် တပ်ပေါင်းစုများ အကူအညီဖြင့် မြိတ်-ထားဝယ် သွား ကားလမ်းကို ထိန်းချုပ်ထားနိုင်ပြီး ည ၈ နာရီမှ နံနက် ၄ နာရီ အထိ ယာဥ်များဖြတ်သန်းသွားလာခြင်း မပြုရန်လည်း သတိပေးထားသည်ဟု ဒေသခံများက ပြောသည်။

သတ်မှတ်ထားသည့် အချိန်ကာလအတွင်း ဖြတ်သန်းသွားလာသည့် မည်သည့်ယာဉ်များကိုမဆို ထိရောက်စွာ အရေးယူသွားမည် ဖြစ်သောကြောင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်ပေးရန်လည်း မေတ္တာရပ်ခံ အသိပေး ထားသည်ဟု သိရသည်။