တစ်နှစ်အတွင်း အပြီးသတ် တော်လှန်မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ အောာက်တိုဘာလ ၁၀ ရက်။

စစ်အာဏာရှင် တော်လှန်ရေးကို လာမည့် ၂၀၂၃ ခုနှစ်အတွင်း အပြီးသတ်သွားမှာဖြစ်ပြီး ခုခံစစ်မှ ထိုးစစ်ကို ပြောင်းလဲသွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြောဆိုလိုက်သည်။

NUG အစိုးရသည် စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်ကာလအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာ အနေ ဖြင့် နယ်မြေစိုးမိုးမှု ၅၀ ရာခိုင်နှုန်းခန့် ရရှိထားပြီဖြစ်ပြီး နိုင်ငံတဝှမ်း စစ်ရေး၊ နယ်မြေစိုးမိုးရေး၊ စီမံအုပ်ချုပ်ရေး၊ နိုင်ငံတကာဆက်ဆံရေး၊ ဘဏ္ဍာရေးနှင့် လူထုပူးပေါင်းပါဝင်မှု စသည့် ကဏ္ဍများကို စီမံချက်ချကာ လုပ်ဆောင် သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုး NUG က ပြောဆိုလိုက်သည်။

ထို့ကြောင့် လာမည့် ၂၀၂၃ ခုနှစ်သည် နွေဦးတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည့် အပြီးသတ်ပေးမည့်နှစ် ဖြစ် သည်ဟု အောက်တိုဘာလ ၇ ရက်နေ့က အွန်လိုင်းကတဆင့်ပြုလုပ်ခဲ့သည့် ပြည်သူ့ခုခံတော်လှန်စစ် တစ်နှစ် ပြည့် သတင်းစာရှင်းလင်းပွဲတွင် NUG ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

“တော်လှန်ရေးရဲ့ ပြီးခဲ့တဲ့ကာလဟာ လိုအပ်တဲ့အခြေခံအုတ်မြစ်ကို ဖြည့်စည်းတည်ဆောက်ခဲ့ရတဲ့ ကာလဖြစ် ပြီးတော့ လာမယ့် တစ်နှစ်တာကာလကတော့ တော်လှန်ရေးကို အဆုံးအဖြတ်ပေးမယ့်နှစ်အဖြစ် ကျနော်တို့ ခံယူပါ တယ်။ လာမယ့်နှစ်မှာ ရန်သူကို နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ နိုင်ငံတကာရေး ဘက်ပေါင်းစုံကနေပြီး တော့ ဟန်ချက်ညီညီ ထိုးနှက်က ထိုးစစ်ဆင်တဲ့ စီမံချက်ကိုလည်း ကျနော်တို့ ပြင်ဆင်ချမှတ်နေပြီ ဖြစ်ပါ တယ်။”

စစ်တပ်က အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် နွေဦးတော်လှန်ရေးတွင် ပြည်သူလူထု၏ အင်အား၊ ယုံ ကြည်မှုများနှင့် စစ်ကောင်စီကို ယိုင်နဲ့စေခဲ့ခြင်းဖြစ်သည့်အတွက် ပွဲသိမ်းထိုးနှက်မှုများကိုလည်း ပြည်သူလူထု၏ အင်အားနှင့်သာ ဆက်တိုက်သွားရမည်ဟု NUG အစိုးရက ဆိုသည်။

ဦးနေဘုန်းလတ် က “အဆိုပါ စီမံ ချက်ဟာ ပေးထားချက်၊ လက်တွေ့အစီအမံနဲ့ ဖြစ်နိုင်စွမ်းတွေကို အကောင်း ဆုံး တွက်ချက်သုံးသပ် ပြီးတော့ ပြင်ဆင်ထားပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ မဟာဗျူဟာမြောက် ဆောင် ရွက်ချက်တွေကို အကောင် အထည် ဖော် လုပ်ဆောင်နိုင်ဖို့ နေရာမှာ အရေးအကြီးဆုံး အင်အားကတော့ ပြည်သူ လူထုပဲ ဖြစ်ပါ တယ်။ လာမယ့် တစ်နှစ်တာ ကာလဟာ ညီတူညီမျှ အတူတကွ အားကုန်ရုန်းကြရမယ့် ကာလဖြစ် တဲ့အပြင် မနက်လင်း အာရုဏ်မတိုင်မှီ ပိုမှောင်တဲ့ကာလကို ဖြတ်သန်းကြရသလိုပဲ ပိုမိုခက်ခဲတဲ့ ခရီးကြမ်းကို လည်း ဖြတ်သန်းရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ပြည်သူလူထု၏ အင်အား အပြင် တော်လှန်ရေးအင်အားစုများ၏ မဟာဗျူဟာမြောက် ပေါင်းစည်းဆောက်ရွက် မှုများကလည်း စစ်အာဏာရှင်ကို ထိုးနှက်နိုင်ခဲ့သည့် အချက်များ ဖြစ်သည့်အတွက် ဆက်လက် ပူးပေါင်းဆောင် ရွက်သွားရန် စီမံချက်များ ရေးဆွဲကာ လုပ်ဆောင်နေသည်ဟု NUG သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူ ဦးကျော်ဇော က ဆက်ပြောသည်။

“စစ်ကောင်စီက အခုချစားနေတဲ့ တိုင်ကြီးတွေကို လဲကျဖို့ပဲ ကျန်တော့တယ်။ တော်လှန်ရေး အင်အားစုတွေ မဟာဗျူဟာမြောက် ပေါင်းစည်းပြီးတော့ ဆောင်ရွက်နေတဲ့အပြင် အများကြီး တိုးတက်လာပြီးတော့ အားတွေ အများကြီးကောင်းလာတယ်။ ကျဆင်းသွားတာမျိုး မရှိဘူး။ ပိုပြီးတိုးတက်လာတာပဲ ရှိတယ်။ ပြည်သူတွေရဲ့ ထောက်ခံမှု ပြည်သူတွေရဲ့ ပါဝင်မှု ပြည်သူတွေရဲ့ တော်လှန်ရေး ရံပုံငွေဖြည့်ဆည်းမှု အဲ့တော့ လက်နက်တပ် ဆင်မှု ဆိုတာလည်း အခုချိန်မှာ အရင်ထက် အများကြီးတိုးတက်လာတာ အကုန်လုံး တွေ့တယ်။ ဆိုတော့ ကျ နော်တို့မှာ လိုအပ်ချက်တွေ အကုန်လုံးက သေသေချာချာစီမံချက်တွေ ရေးဆွဲပြီးတော့ လုပ်နေတဲ့အတွက် ကျ နော်တို့မှာ မအောင်မြင်နိုင်စရာ အကြောင်း ဘယ်လိုမှမရှိဘူး။ အောင်ကိုအောင် မြင်ရမှာပါ။”

အမျိုးသားညီညွတ်ရေးအစိုးရ NUG သည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နယ်မြေ ၅၀ ရာခိုင်နှုန်းခန့်ကို စိုးမိုးမှု ရရှိထားပြီဖြစ်ကြောင်း အဓိကအားဖြင့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် ကျေးရွာများနှင့် လမ်းမကြီးများကို စိုးမိုးထားနိုင်ခြင်းကြောင့် အဆိုပါ ဒေသများတွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား ပျက်စီးနေပြီဟု ပြော သည်။

ထို့အပြင် NUG အစိုးရသည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၈ ဖွဲ့နှင့်လည်း မဟာမိတ်ဖွဲ့ပူးပေါင်းကာ နွေဦးတော်လှန်ရေးတွင် အတူတကွ တိုက်ပွဲဝင်နေကြသည်ဟု ပြောသည်။