စစ်ကောင်စီ သဘောတူချက်ဖြင့် PNO စစ်သားသစ်စု
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်။
ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီ/ ပအိုဝ်းပြည်သူ့စစ် (PNO/ PNA) အဖွဲ့အစည်းက ၎င်းတို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများတွင် စစ်ကောင်စီ၏ သဘောတူညီချက်ဖြင့် တပ်သားသစ်စုဆောင်းရန် ညွှန်ကြားထားသည်ဟု PNO နှင့် နီးစပ်သည့် သတင်းအရစ်အမြစ်များထံမှ သိရသည်။
ယခုကဲ့သို့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အင်အားစုဆောင်းရန် PNA ဗဟိုကော်မတီဝင် စန္ဒာတိုင်း (ပင် လောင်းမြို့နယ်) တိုင်းမှူး ဗိုလ်မှူးခွန်ဂျိုးစက်က ပင်လောင်းမြို့နယ်ရှိ မင်းသောင်းကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် ပြီးခဲ့သည့် အောက်တိုဘာလ ၃ ရက်နေ့ က ပြုလုပ်ခဲ့သည့် ကျေးရွာလူထု ဟောပြောပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ် သည်။
ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသများထဲမှ ဒေသတစ်ခုဖြစ်သည့် ပင်းလောင်းမြို့နယ်အတွင်း PAO/PNA အဖွဲ့ ၏ တပ်သားသစ်စုဆောင်းနေမှု အခြေအနေနှင့် ပတ်သက်၍ အသက် ၃၀ အရွယ်ရှိ မင်းသောင်းရွာခံ ပအိုဝ်း အမျိုးသားတစ်ဦးက ယခုကဲ့သို့ပြောသည်။
“တချို့ဒေသတွေမှာတော့ စပြီး အကောင်အထည်ဖော်နေပြီ။ ဆီဆိုင်နဲ့ ညောင်ရွှေဘက်မှာ လူစဖမ်းနေပြီ။ ပင် လောင်းဘက်မှာတော့ စာရင်းကောက်ထားပေမယ့် ဖမ်းတာတော့ မရှိသေးဘူး။ စောင့်ကြည့်ရမယ့် အနေအထား ပါပဲ” ဟု ပြောသည်။
PNO/PNA အဖွဲ့က တပ်သားသစ် စုဆောင်းရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ အတွင်း တစ်မြို့နယ် လျှင် တပ်သား ၅၀၀ မဖြစ်မနေ စုဆောင်းရမည်ဖြစ်ပြီး၊ ခွန်ဖြားဗွာတိုင်း (တောင်ကြီးမြို့နယ် တောင်ဘက်ခြမ်း နှင့် ညောင်ရွှေမြို့နယ်)၊ သူရိယတိုင်း (ဟိုပုံးမြို့နယ် တောင်ဘက်ခြမ်းနှင့် ဆီဆိုင်မြို့နယ်)၊ စန္ဒာတိုင်း (ပင်လောင်း မြို့နယ်) စသည့် ဒေသ ၃ ခုတွင် အဓိကထား စုဆောင်းသွားရန် PNA ဗဟိုမှ ညွှန်ကြားထား သည်ဟုလည်း PNO နှင့် နီးစပ်သူများက ပြောသည်။
လက်ရှိ တပ်သားစုဆောင်းမှုမှာ PNA သဘောထား သက်သက်မဟုတ်ပဲ စစ်ကောင်စီနှင့်လည်း သဘောတူညီမှု ရယူထားသည့်အပြင် လိုအပ်ပါက စစ်ကောင်စီတပ်ကပါ ဝင်ရောက်ကူညီရန်ရှိသည်ဟု PNA ခေါင်းဆောင်များက ပြောဆိုထားကြောင်း PNO သတင်းအရင်းအမြစ်များက ပြောသည်။
မင်းသောင်းကျေးရွာခံ ပအိုဝ်းအမျိုးသားတစ်ဦးက “အဲဒီရက်က ပြောခဲ့တာတော့ တိုင်း ၃ ခုကို အရင်စကိုင်မယ် ပေါ့။ အဲဒီထဲကမှ သူရိယတိုင်းနဲ့ ခွန်ဖြားဗွာတိုင်းကို အဓိကထားမယ်။ အဲဒီ ၂ ခုက ကျန်တဲ့တိုင်းတွေထက် စစ် တပ် အင်အားများတော့ သူတို့အကူအညီ ရနိုင်တယ်။ အဲဒီဒေသတွေမှာ တချို့ရွာတွေကလည်း လူစဖမ်းနေပြီ။ မလိုက်နိုင်ရင်တော့ ပိုက်ဆံထည့်ပေါ့” ဟု ပြောသည်။
PNA တပ်သားသစ် စုဆောင်းမှုတွင် တပ်သားများ မဖြစ်မနေရရှိနိုင်ရန် မူးယစ်ဆေးဝါး သုံးစွဲသည်ဟု သံသယ ရှိ သူများ၊ နွေဦးတော်လှန်ရေးတွင် ပါဝင်လှုပ်ရှားနေသူများ၊ ယခင်က ငြိမ်းချမ်းစွာ ဆန္ဒပြလှုပ်ရှားမှုများတွင် ပါဝင် ဖူးသူများကို စာရင်းပြုစု၍ တင်ပြရန် ကျေးရွာအုပ်ချုပ်ရေးမှူးများကို ညွှန်ကြားထားသည်များလည်းရှိသည် ဟု ဒေသခံများက ပြောသည်။
“အခုတလော PNA က ပိုဆိုးလာတယ်။ မူးယစ်ဆေးသုံးတယ်ဆိုပြီး ဖမ်းတယ်။ ပြီးရင် တပ်သားစုဆောင်းတဲ့ အထဲထည့်တယ်။ မူးယစ်ဆေး ဖြတ်ခဆိုပြီးလည်း တစ်လ ၃၀၀,၀၀၀ မိသားစုဝင်တွေက ပို့ပေးရတယ်။ အကန့် အသတ် မရှိဘူး။ ဆေးမပြတ်မချင်း ပို့ပေးရတယ်။ ဆေးပြတ် မပြတ်ကလည်း သူတို့ပါးစပ်ဖျားမှာပဲ။ ရက်စက် ပုံက စကစအတိုင်းပဲ” ဟု PNO နှင့်နီးစပ်သည့် ဆီဆိုင်မြို့ခံ ပအိုဝ်းအမျိုးသားတစ်ဦး က ပြောသည်။
စစ်ကောင်စီ လက်အောက်ခံ PNA မှ တပ်သားသစ် အဓမ္မ စုဆောင်းနေရခြင်းမှာ လက်ရှိ ကရင်နီပြည်နယ်တွင် အင်အားနည်းနေသည့် စစ်တပ်အား တပ်သားအင်အား ၅၀၀ ခန့် ကူညီအားဖြည့်ပေးရန် စစ်ကောင်စီမှ ခိုင်းစေ ထားခြင်းကြောင့် ဖြစ်သည်ဟု ပအိုဝ်းပြည်သူများက ပြောသည်။
ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီ/ ပအိုဝ်းပြည်သူ့စစ် (PNO/ PNA) အဖွဲ့အစည်းမှာ ယခင်က ပအိုဝ်းပြည်သူများ၏ ထောက်ခံမှု အားကောင်းခဲ့သော်လည်း ယခုလက်ရှိတွင် ထောက်ခံမှုများ ကျဆင်းနေသည်ဟု ဆိုသည်။
PNO/PNA အနေဖြင့် ၎င်းတို့ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်းက မြို့ အဝင်/အထွက် စစ်ဆေးရေးဂိတ်များ တွင် စစ်တပ်နှင့်ပူးပေါင်းကာ အတင်းအဓမ္မ အခွန်များ ကောက်ခြင်း၊ မူးယစ်ဆေးဝါး အကြောင်းပြကာ လူငယ် များအား ဖမ်းဆီး၍ တပ်သားသစ်အဖြစ် စုဆောင်းခြင်း၊ လူထုတွေ့ဆုံပွဲများတွင် လမ်းစရိတ်အဖြစ် တစ်အိမ် ကျပ် ၂,၀၀၀ စီကောက်ခံခြင်း၊ စစ်အသုံးစရိတ်အတွက် ပအိုဝ်းဒေသများတွင် ပိုက်ဆံကောက်ခံခြင်း စသည့် လုပ်ရပ်များကြောင့် ပအိုဝ်းပြည်သူများ၏ ထောက်ခံမှုများ ကျဆင်းလျက်ရှိသည်ဟု ဒေသခံများက ပြောသည်။