RCSS က တိုင်းရင်းသား အဖွဲ့များနှင့် တွေ့ဆုံလိုကြောင်း ကြေညာချက်ထုတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်။
ရှမ်းပြည်ပြန်လည်ရေး ထူထောင်ရေး ကောင်စီ RCSS က ယုံကြည်မှု တည်ဆောက်နိုင်ရန်အတွက် ပြည်ထောင်စု အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးလိုသည်ဟု ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်သည်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး အုမ်ခေး က တိုင်းရင်း သား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးလိုသည့် ရည်ရွယ်ချက်များနှင့် ပတ်သက် ၍ ယခုကဲ့သို့ ပြောသည်။
“နံပါတ်တစ်ကတော့ ရှမ်းပြည်နယ်ထဲမှာ ဖြစ်ပျက်နေတဲ့ ပြဿနာအားလုံးကို ယုံကြည်မှု ပြန်တည်ဆောက်နိုင် အောင် တိုင်းရင်းသား အားလုံး လက်နက်ကိုင် အဖွဲ့အစည်းအားလုံး ယုံကြည်မှုတွေ တည်ဆောက်ကြရအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖြစ်ပျက်နေတဲ့ ပြဿနာ စစ်ရေးကိစ္စအားလုံးကို ပြည်သူလူထုက ဆင်းရဲ ဒုက္ခရောက်နေ တဲ့ ကိစ္စကို လျော့ချနိုင်တယ်ဆိုတဲ့ သဘောမျိုးနဲ့ ရည်ရွယ်တာပါနော်။ နံပါတ် ၂ ကျတော့ ပြည်ထောင်စု တဝှမ်း လုံးမှာပေါ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အဲလိုမျိုးထုတ်ပြန်တာ ဖြစ် ပါတယ်နော်။”
အောက်တိုဘာလ ၁၀ ရက်နေ့ (ယနေ့) ထုတ်ပြန်လိုက်သည့် RCSS ၏ ထုတ်ပြန်ချက်ထဲတွင် ၂၀၂၂ ခုနှစ် အောက် တိုဘာလ ၁၀ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ အထိ ရှမ်းပြည်နယ်နှင့် ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးနိုင်ရေး RCSS က ကမ်းလှမ်း ကြောင်း ဖော်ပြထားသည်။
ပထမအဆင့် အနေဖြင့် ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံ ဆွေး နွေးနိုင်ရေး လုပ်ဆောင်သွားမည်ဟု RCSS က ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး အုမ်ခေးက ဆိုသည်။
“ပထမဆုံးတော့ ရှမ်းပြည်နယ်ထဲမှာရှိတဲ့ လက်နက်ကိုင် အဖွဲ့အစည်းအားလုံးကို စပြီးတော့ ဆွေးနွေးချင်တာ ပေါ့နော။ ကျန်တဲ့ တစ်ခြား နောက်ပြီးတော့ တစ်ခြား ဘယ်အဖွဲ့ကိုမဆို ဆွေးနွေးဖို့တော့ ရယ်ရွယ်ချက် ရှိပါ တယ်။ နောက်တစ်ဆင့်ကတော့ မြန်မာနိုင်ငံတစ်နိုင်ငံလုံး ကျနော်တို့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖက်ဒရယ် ပြည် ထောင်စု တည်ဆောက်နိုင်အောင် ရည်ရွယ်ချက်ပေါ့လေ။”
ယခုကဲ့သို့ ကမ်းလှမ်းခြင်းသည် စစ်ကောင်စီ၏ ပြောဆိုမှုကြောင့် ကြားနေ အဖွဲ့အစည်းအနေဖြင့် လုပ်ဆောင် ခြင်းမျိုး မဟုတ်ပဲ နိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေသည့် ပဋိပက္ခများကို ဖြေရှင်းနိုင်ရေး ရည်ရွယ်ချက်နှင့်သာ လုပ်ဆောင်ခြင်းဖြစ်သည်ဟုလည်း ဒုတိယ ဗိုလ်မှူးကြီး အုမ်ခေး က ပြောသည်။
RCSS ၏ ကမ်းလှမ်းချက်သည် အပစ်ရပ် အဖွဲ့များ၏ နိုင်ငံရေး ဦးဆောင်အဖွဲ့ PPST က မကြာမှီ ခေါ်ယူ ကျင်းပ မည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအားလုံးပါဝင်သည့် ဆွေးနွေးပွဲနှင့် ပုံစံတူသည့်အတွက် ကြိုဆိုသည်ဟု ပအို့ဝ်ခေါင်းဆောင် ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောပါတယ်။
“ကျနော် ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ဆွေးနွေးဖို့ ညိနှိုင်းဖို့ ဖိတ်ခေါ် တယ်ဆိုတာက အင်မတန်ကောင်းတဲ့ လက္ခဏာပါ။ ကျနော်တို့ ပဋိပက္ခဖန်တီးမယ် ကျနော်တို့ စစ်ပွဲတွေ ဖန်တီးမယ် တိုက်မယ်ခိုက်မယ် ပြောတာ ထက်စာရင် ဆွေးနွေးမယ် ပြောတာက ပိုကောင်းပါတယ်။ နံပါတ်တစ်ပေါ့။ နံပါတ် ၂ ကတော့ အဲသလို ဆွေး နွေးမယ် ပြောတဲ့ဟာက လက္ခဏာ ဖြစ်တယ်။ ဒါကြောင့် ဆွေးနွေးမယ်လို့ ပြောတဲ့ကိုယ်ကရန်လိုမှုတွေ ပဋိပက္ခ တွေ လျော့ချလိုက်ဖို့တော့ လိုတာပေါ့။ လက်တွေ့မှာ ဆွေးနွေးမယ်ပြောပြီးတော့ ဆွေးနွေးတဲ့ဟာကို အမြတ် မထုတ်ဖို့လည်း လိုတာပေါ့။ အဲဒါမှ တခြား ရှမ်းပြည်ထဲမှာရှိတဲ့ အဖွဲ့အစည်း အချင်းချင်းလည်း ညီညွတ်နိုင် မယ်။ ထို့အတူပဲ တခြား ပြည်ထောင်စုထဲမှာရှိတဲ့ အဖွဲ့အစည်း အချင်းချင်းလည်း ညီညွတ်နိုင်မယ်။”
ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS က ၂၀၁၅ ခုနှစ် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ် NCA ကို လက်မှတ်ရေးထိုးပြီးနောက် ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့်ခဲ့သည်။ ထိုအချိန်မှ စတင်၍ ရှမ်းပြည်မြောက်ပိုင်း အခြေစိုက် တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တို့နှင့် စစ်ရေး ပဋိပက္ခများ ဖြစ်ပွားလာခဲ့သည်။
ထို့သို့စစ်ရေးပဋိပက္ခများ ဖြစ်ပွားပြီးနောက်နှင့် စစ်တပ်က အာဏာသိမ်းပြီးနောက် ရှမ်းပြည်မြောက်ပိုင်းတွင် RCSS ၏ တပ်များ အင်အား လျော့ကျသွားခဲ့ ပြီး ရှမ်းပြည်တောင်ပိုင်းကို ဆုတ်ခွာခဲ့ရသည်။
အာဏာသိမ်းပြီးနောက် တက်လာသည့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်း သား လက်နက်ကိုင် တပ်ဖွဲ့များကို ဖိတ်ခေါ်ရာတွင် RCSS ကလည်း သွားရောက်တွေ့ဆုံခဲ့သည့် အဖွဲ့များထဲတွင် ပါဝင်ခဲ့ပြီး လက်ရှိအချိန်ထိ စစ်ကောင်စီနှင့် ဒုတိယ အကြိမ်မြောက် တွေ့ဆုံပြီးဖြစ်သည်။
ထို့သို့ စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးပြီး နောက်ပိုင်း RCSS ဘက်မှ ယခု ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။