AA က နေအိမ်တွေ မီးရှို့လို့ စစ်တပ်က မီးငြိမ်းနေရတယ်ဆိုတဲ့ သတင်းမှား ဖြန့်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်။

ရက္ခိုင့်တပ်တော် ULA/AA က ဖားဝပ်ချောင်းရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးလိုက်တဲ့အတွက် စစ်ကောင်စီ တပ်က မီးငြိမ်းသတ်နေတယ်ဆိုတဲ့ သတင်းအမှား ပို့စ်တစ်ခုကို ရဲဝံ့စွန့်စား ပြည်ချစ်သား ဆိုတဲ့ Facebook စာ မျက်နှာမှာ အောက်တိုဘာလ ၁၃ ရက်နေ့က တင်ထားပါတယ်။

မီးလောင်နေတဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးငြိမ်းသတ်နေတဲ့ ရုပ်သံဖိုင်တွေနဲ့အတူ “တိုက်ပွဲ ဖြစ်တိုင်း ရွာကို မီးရှို့နေတဲ့ AA အခုတော့ အလိမ်ပေါ်ပြီ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရဲဝံ့စွန့်စား ပြည်ချစ်သား ဆိုတဲ့ Facebook စာမျက်နှာမှာ ရေးသားထားပါတယ်။

ရဲဝံ့စွန့်စား ပြည်ချစ်သား ဆိုတဲ့ Facebook စာမျက်နှာက “ဒီနေ့ ဖားဝပ်ချောင်းရွာမှာ AA က ရွာထဲကနေ စစ် တပ်ကို တိုက်တယ်။ အဓိကပြောရရင် ရွာကို အကာ အကွယ် ယူပြီး တိုက်တာ။ နောက်ဆုံး မနိုင်တဲ့ အဆုံး ရွာကို စစ်တပ်က မီးရိူ့ပါတယ်ဆိုပြီး AA က မီးရိူ့သွားတယ်။ စစ် တပ်ကလည်း ခံရပါများတော့ video ၊ ဓာတ်ပုံ မှတ် တမ်းတွေကအစ အကုန်ယူထားတယ်” ဆိုပြီး (မူရင်းအရေးအသားအတိုင်း) ရေးသားထားပါတယ်။

အဆိုပါရေးသားမှုဟာ သတင်းအမှားတစ်ခုသာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖားဝပ်ချောင်းရွာက နေအိမ် တွေကို မီးရှို့တဲ့သူတွေဟာ ULA/AA မဟုတ်ပဲ စစ်ကောင်စီတပ်က နေအိမ်တွေကို မီးရှို့ပြီး သူတို့ ကိုယ်တိုင် မီး ပြန်ငြိမ်းသတ်နေလို့ပဲ ဖြစ်ပါတယ်။

ဖားဝပ်ချောင်းရွာက ဒေသခံတွေက ရခိုင်ပြည်နယ် အခြေစိုက်သတင်းဌာနတွေကို ပြောထားတဲ့အထဲမှာ ဆိုရင် လည်း ULA/AA က နေအိမ်တွေကို မီးရှို့တယ်လို့ ပြောဆိုထားတာ မတွေ့ရပဲ စစ်ကောင်စီတပ်က ရွာထဲကို ဝင် လာပြီးတဲ့နောက်မှာ နေအိမ်တွေကို မီးရှို့သွားတာလို့ ပြောဆိုထားပါတယ်။

ဖားဝပ်ချောင်းရွာက ဒေသခံတစ်ဦးက “ဒီနေ့ သူတို့(စစ်သား)တွေ ဝင်လာပြီးတော့ ရွာသားတွေကို ရွာထဲကနေ ထွက်သွားဖို့ပြောတယ်။ နောက်ပြီးတော့ ရွာသားတွေက ဘုန်းကြီးကျောင်းမှာစုနေကြသည်။ ရွာထဲက အိမ်နှစ် ဆောင်ကို မီးတိုက်ခဲ့တာရှိတယ်။ အခုရွာထဲမှ လူ ၄၀ ကျော်လောက်ပိတ်မိကျန်ခဲ့တယ်။ ကျန်တဲ့ရွာသားတွေက မောင်တောမြို့ပေါ်ကို အကုန်လုံး ထွက်ပြေးနေရတယ်” ဆိုပြီး ရခိုင်ပြည်နယ်အခြေစိုက် DMG သတင်းဌာနကို ပြောဆိုထားပါတယ်။

DMG သတင်းဌာနက ရေးသားထားတဲ့ သတင်းကို ဒီမှာ https://bit.ly/3S9CSNz ဝင်ကြည့်လို့ရပါတယ်။

ဒါ့အပြင် ရက္ခိုင့်တပ်တော် ULA/AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကလည်း စစ်ကောင်စီတပ်က ရွာထဲကို ဝင်လာ ပြီး နေအိမ်တွေကို မီးရှို့သွားတာကို ရက္ခိုင့်တပ်တော် AA က မီးရှို့တယ် ပြီးတော့ စစ်တပ်က မီးပြန်ငြိမ်းသတ် နေတယ်ဆိုတာကို ဝါဒဖြန့်ဖို့အတွက် ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်ဖြစ်တယ်လို့ ရခိုင်သတင်းဌာနတွေကို ပြောဆို ထားပါတယ်။

ခိုင်သုခက “မြန်မာစစ်တပ်က ဖားဝပ်ချောင်းကျေးရွာမှာ နေအိမ်နှစ်လုံး မီးရှို့ခဲ့တာဆိုတာကို ရွာသားတွေ အား လုံးမျက်မြင် သိတဲ့ ကိစ္စဖြစ်တယ်။ အဲဒါကို မြန်မာစစ်တပ်က သူတို့ကိုယ်တိုင် မီးရှို့ပြီး သူတို့ငြိမ်းသတ်တဲ့ ဗီဒီ ယို ရိုက်ပြီးတော့ ပြည်သူလူထုကို ဝါဒဖြန့်ဖို့ ကြိုးစားတယ်ဆိုတာက မြန်မာစစ်တပ်က ယုတ်မာပက်စက် အောက်တန်းကျပြီးတော့ ကောက်ကျစ်တဲ့ လုပ်ရပ်တွေ ဖြစ်တယ်လို့ မြင်မိပါတယ်” ဆိုပြီး ရခိုင်ပြည်နယ် အခြေစိုက် သတင်းဌာနဖြစ်တဲ့ Narinjara သတင်းဌာနရဲ့ ရုပ်သံ သတင်းထဲမှာ ပြောကြားထားပါတယ်။

Narinjara သတင်းဌာနရဲ့ ရုပ်သံ သတင်းကို ဒီမှာ https://bit.ly/3CRlbgm ဝင်ကြည့်လို့ရပါတယ်။

ဒါကြောင့် အချက်အလက်တွေကို တိုက်ကြည့်လိုက်တဲ့အခါမှာ ရဲဝံ့စွန့်စား ပြည်ချစ်သား ဆိုတဲ့ Facebook စာ မျက်နှာက ရက္ခိုင့်တပ်တော် ULA/AA ကို ပြည်သူတွေ အထင်အမြင်မှားအောင်၊ မယုံကြည်အောင်၊ ဝါဒဖြန့်ဖို့ အတွက် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံ စွပ်စွဲရေးသားထားတဲ့ သတင်းအမှားပဲ ဖြစ်ပါတယ်။

ရဲဝံ့စွန့်စား ပြည်ချစ်သား ဆိုတဲ့ Facebook စာမျက်နှာရဲ့ သတင်းပို့စ်ကို စစ်တပ်ထောက်ခံသူတွေနဲ့ အမျိုးသား အရေး လှုပ်ရှားသူတွေရဲ့ Facebook Group တွေမှာ တော်တော်များများတင်ထားကြသလို သူတို့ရဲ့ ကိုယ်ပိုင် Facebook အကောင့်မှာလည်း ကူးတင်ထားကြပါတယ်။

လက်ရှိကာလမှာဆိုရင် သတင်းအမှား ဖြန့်ဝေသူတွေက အထူးသဖြင့် PDF၊ CRPH၊ NUG အဖွဲ့တွေနဲ့ သက်ဆိုင် တဲ့ သတင်းအမှားတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်တဲ့ သတင်း အမှားတွေ၊ တိုက် ပွဲသတင်းတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ စစ်ကောင်စီ ခေါင်းဆောင်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ပြောဆိုမှု သတင်းအမှားတွေ အပြင် လူ မျိုး တမျိုးနဲ့တမျိုး အဖွဲ့အစည်း တခုနဲ့ တခုကြား ပဋိပက္ခ အသွင်ဆောင်စေမယ့် အမုန်းစကား သတင်း အမှားတွေကို ရည်ရွယ်ချက်ရှိရှိ ရေးတင်နေကြ ပါတယ်။

သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်း၊ ရုပ်သံအဟောင်းတွေကို အသုံးပြုတာတွေရှိသလို ဓာတ်ပုံနဲ့ ရုပ်သံရဲ့ မှန်ကန်တဲ့ အချက်အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာပါ။

ဒါကြောင့် အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံ အမျိုးမျိုး နဲ့ သတင်းအမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြတဲ့အတွက် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ် ပြီး/ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန် တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေဖို့ လိုပါတယ်။