ရမ်းသန်းပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးသေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်မှုနှင့် လက်နက်ကြီး လက်နက်ငယ်များ ရမ်းသန်းပစ်ခတ်မှုများကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးနှင့် အဖွားအိုတစ်ဦးတို့ ထိမှန် သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။
“အပေါ်က ရဟတ်ယာဥ်နဲ့ ပစ်တော့ ပြေးကြတာ။ ရဟတ်ယာဥ်က လူရုပ်တွေ့တဲ့ နားပစ်တော့ ယောက္ခမနဲ့ ချွေးမ ကို ထိသွားတာ။ ချွေးမက ကိုယ်ဝန်ခုနစ်လနဲ့လေ။ နှစ်ယောက်လုံး နေရာတင် ပွဲချင်းပြီးသေသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်တပ်က ထောက်ပို့ရဟတ်ယာဥ်သုံးစီးဖြင့် စစ်သားများကို ရင်ပေါင်တိုင်ကျေးရွာသို့ ပို့ဆောင်ချိန်တွင် လေ ယာဥ် နှစ်စီးနှင့် မြေပြင်ကို ပစ်ခတ်ခဲ့ရာ ထိမှန်သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
လက်နက်ကျည်ထိမှန်ပြီး သေဆုံးသွားသူများမှာ အသက် ၃၀ ကျော်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး ဒေါ်စိုး ဆိုသူဖြစ်ပြီး၊ ယောက္ခဖြစ်သူ အသက် ၆၀ အရွယ် ဒေါ်ညွန့်တို့ နှစ်ဦး ဖြစ်သည်။
ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်နှင့် ပျားအိုကျေးရွာ နှစ်ရွာတွင် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီ တပ်ဖွဲ့က ကျေးရွာအတွင်း လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
ထို့အပြင် ယင်းမာပင်မြို့နယ်အတွင်းက နုန်းတန်းကျေးရွာတွင် စစ်တပ်က အောက်တိုဘာလ ၁၉ ရက်နေ့၊ နံနက်ပိုင်းတွင် ရဟတ်ယာဥ်နှစ်စီးနှင့်ပါ လာရောက် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများ၏ ပြောပြချက်အရသိရသည်။
စစ်ကောင်စီတပ်က အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နမခ) မုံရွာမြို့အခြေစိုက် တိုင်းစစ်ဌာနချုပ် မှ စစ်သားများကို ရဟတ်ယာဥ်နှင့် အောက်တိုဘာလ ၁၉ ရက်နေ့က ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ရင်ပေါင်တိုင်ကျေးရွာကနေ ထွက်လာသည့် စစ်ကောင်စီတပ်၏ စစ်ကြောင်းကို အောက်တိုဘာလ ၂၀ ရက်နေ့၊ နံနက်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
မိုင်းဆွဲ တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ နှစ်ဖက် ထိပ်တိုက်ထိတွေ့မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ငါးဦးသေဆုံးခဲ့သည်ဟု ဆိုသည်။