ပျူစောထီသေဆုံးမှုကို စစ်ဆေးရန်လာသည့် စစ်ကောင်စီ တပ်ဖွဲ့များ တိုက်ခိုက်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်။

ပျူစောထီး ၁ ဦးသေဆုံးမှုကို စစ်ဆေးရန် ရေဖြူမြို့နယ်ထဲကို လာသည့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး စစ်သား ၂ ဦးသေ၊ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ရေဖြူမြို့နယ်၊ ပုဂေါစွန်းကျေးရွာအုပ်စု၊ ဝက်ချောင်းကျေးရွာအဝင် ရှမ်းလမ်းဆုံအနီး ပျူစောထီးအဖွဲ့ဝင် ဦးညံအေး အသတ်ခံရမှုကို စစ်ဆေးရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထားဝယ် (ပကဖ) DGRF အဖွဲ့ဝင် တစ်ဦးက “သူတို့က ဦးညံအေး ပစ်သတ်ခံရတာကို စစ်ဆေးဖို့လာတယ်ဆို ပေ မယ့် ရွာထဲရောက် နေတဲ့ PDF အဖွဲ့ဝင် ၂ ယောက် ကို ဖမ်းဖို့လည်း အစီအစဉ်ရှိနေတယ်လို့ ကြိုပြီး သတင်းရထား တာကြောင့် အခုလို ကြိုစောင့်ပြီး တိုက်ခိုက်လိုက်တာ” ဟု ပြောသည်။

အဆိုပါ စစ်ကောင်စီ တပ်ဖွဲ့ကို အောက်တိုဘာလ ၂၀ ရက်နေ့၊ မွန်းလွဲ ၂နာရီခွဲခန့်က စောင့်ကြိုတိုက်ခိုက်ရာ ၂ ဦး သေဆုံးပြီး၊ ၃ ဦးဒဏ်ရာရရှိသွားသည်ဟု ထားဝယ် (ပကဖ) DGRF အဖွဲ့ဝင် က သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာနကို အတည်ပြုပြောဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် အတူ နဘုလယ်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ စုစုပေါင်း ၇ ဦး လိုက်ပါစီးနင်းလာသည့် ဗွီဂို ကားအဖြူရောင်ကို ထားဝယ် (ပကဖ) DGRF၊ လောင်းလုံး(ပကဖ) LLPDF နှင့် T-PDFအဖွဲ့တို့က ကြားဖြတ်ကာ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု DGRFအဖွဲ့ဝင်က ပြောသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း PDF ပူးပေါင်းအဖွဲ့များဘက်တွင် အထိအခိုက် တစ်စုံတရာမရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟုလည်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များဘက်က ပြောသည်။

အသက် ၃၅ နှစ်အရွယ် ဒေသခံရွာသား တစ်ဦးကလည်း “စစ်တပ်ကလာလိမ့်မယ်လို့ မနက်အစောပိုင်းထဲက ကြားထားလို့ ရွာသား တချို့က ရှောင်နေကြတာ။ ရွာထဲ မှာလူသိပ်မရှိဘူး။ အသက်ကြီးပိုင်းတွေလောက် ကျန် တယ်။ အခုလို တိုက်ပွဲဖြစ်မယ်တော့ မထင်ထားဘူး” ဟု ပြောသည်။

သေဆုံးထိခိုက် ဒဏ်ရာရသွားခဲ့သည့် စစ်ကောင်စီတပ်သားများကို အရေးပေါ် လူနာတင်ယာဉ်များဖြင့် ရေဖြူ ဆေးရုံဘက်ကို တင်ဆောင်သွားခြင်းကို မြင်လိုက်ရသည်ဟုလည်း ဒေသခံများက ပြောသည်။

ယခုတိုက်ခိုက်မှု မတိုင်ခင် ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက်နေ့က ပျူစောထီးအဖွဲ့ဝင် ဦးညံအေး ဆိုသူ ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

ပျူစောထီးအဖွဲ့ဝင် ဦးညံအေးဆိုသူ အသတ်ခံလိုက်ရသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ဆေးရန် လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထပ်မံတိုက်ခိုက်ခံရကာ သေဆုံး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ကြောင့် နောက်ဆက်တွဲ အနေဖြင့် ဒေသအတွင်း တိုက်ပွဲများ ထပ်မံဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။