KPDF စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီက ဒုတိယ အကြိမ် ဒရုန်းနှင့် တိုက်ခိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်။

မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်း စစ်ကောင်စီတပ်က ကရင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ KPDF စစ်ဆေးရေးဂိတ် ကို ဒုတိယကြိမ် ဒရုန်းဖြင့် တိုက်ခိုက် ခဲ့သည်ဟု ဒေသခံများနှင့် KPDF တာဝန်ရှိသူက အတည်ပြုပြောသည်။

တားမြစ်ထားသည့် စစ်ကောင်စီ၏ ထုတ်ကုန်များနှင့် မူးယစ်ဆေးဝါးများအား တားဆီးစစ်ဆေးနေသည့် KPDF စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီတပ်ဖွဲ့က မြေပြင်စစ်ဆင်ရေးအပြင် ဒရုန်းအသုံးပြု၍ လေကြောင်းမှ ဒုတိယ ကြိမ် ဗုံးသီး ၄ လုံး ချကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု KPDF တာဝန်ရှိသူ တစ်ဦး က ပြောသည်။

ပုလောမြို့နယ်၊ KNUထိန်းချုပ်နယ်မြေအတွင်းရှိ ဒူးရင်းပင်ရှောင်ကျေးရွာ က KPDF စစ်ဆေးရေး ဂိတ်ကို စစ်ကောင်စီ တပ်ဖွဲ့က အောက်တိုဘာလ ၂၀ ရက်နေ့၊ နံနက် ၁၀ နာရီခွဲ အချိန်က ဒုတိယအကြိမ် ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အသက် ၅၀ ခန့်အရွယ် ဒေသခံ ရွာသားတစ်ဦးက ဖြစ်စဉ်နှင့် ပတ်သက်၍ “တဂျိမ်းဂျိမ်းနဲ့ ပေါက်ကွဲသံတွေ ကြားရတယ်။ ရွာသားတွေက သေနတ်သံ ဗုံးသံကြားရင် ကြောက်လန့်နေကြ ရ တယ်။ လယ်ရော၊ တောင်ယာ ဥယျာဥ်တွေရော ဘာမှ မလုပ်ကိုင်နိုင်သလို လှည့်လည်း မကြည့်နိုင်ကြတော့ဘူး။ စားဝတ်နေရေးလည်း အရမ်း ခက်ခဲ လာကုန်ပြီ။ ပြေးနေရှောင်နေရချိန်က ပိုများတယ်” ဟု ပြောသည်။

ထိုသို့ လာရောက်တိုက်ခိုက်ခဲ့သော်လည်း KPDF တပ်ဖွဲ့ဝင်များ ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ဘဲ၊ လျှပ်စစ်မီးတိုင် တွင်ရှိနေသည့် မီးကြိုးအချို့သာ ပြတ်တောက်သွားခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ ယခုကဲ့သို့ ဒရုန်းအသုံးပြုကာ တိုက်ခိုက်မှုများ ရှိလာခြင်းကြောင့် ပိုမိုသတိထားစောင့်ကြည့်နေရသည်ဟု KPDF တာဝန်ရှိသူ က ဆိုသည်။

အောက်တိုဘာ ၁၃ ရက်နေ့ကလည်း အဆိုပါ စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီတပ်က ဒရုန်းအသုံးပြုပြီး ပထမ အကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။

KPDF အဖွဲ့ကို စစ်ကောင်စီဘက်က ပထမဆုံးအကြိမ် ဒရုန်းအသုံးပြုကာ တိုက်ခိုက်မှုအတွင်း KPDF ရဲဘော် တစ် ဦး (မစိုးရိမ်ရ) ဒဏ်ရာ အနည်းငယ်ရရှိခဲ့သည်။

ယခုကဲ့သို့ တိုက်ခိုက်မှုများသည် စစ်ကောင်စီတပ်များက ဒရုန်းယာဉ်များကို မြေပြင်ထောက်လှမ်းရေး အပြင် လေကြောင်း ဗုံးကြဲယာဉ်အဖြစ် စတင် အသုံးပြုလာခြင်း ဖြစ်သည်ဟု KPDF တာဝန်ရှိသူများ က ဆိုသည်။