ပုသိမ်တွင် ၃ ပါတ်အတွင်း ကိုဗစ်-၁၉ ဖြင့် ၆ ယောက်မြောက် သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် ၃ ပတ် အတွင်း COVID-19 ရောဂါနှင့် သေဆုံးသူ ၆ ဦး အထိရှိလာသည်ဟု ဆေးရုံဝန်ထမ်းများက ပြောသည်။

ပုသိမ်ပြည်သူ့ဆေးရုံကြီးတွင် အောက်တိုဘာလ ၂ ရက်နေ့မှ ၂၇ရက်နေ့ အထိ ၃ ပတ်အတွင်း ကူးဆက်မြန်သည့် COVID-19 ရောဂါဖြင့် ၂၁ ရက် အတွင်း ၆ ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ဆေးရုံဝန်ထမ်းများ၏ ပြောပြချက်အရ သိရသည်။

“အခြားရောဂါ ဖြစ်လို့ ဆေးရုံတက် လာပေမယ့် ကိုဗစ် ပိုးရှိနေတာ တွေ့တာကြောင့် သီးသန့် ကုပေးနေတုန်း သေ သွားကြတာ” ဟု ဆေးရုံ ဝန်ထမ်းတစ်ဦး က ပြောသည်။

သေဆုံးသူများက စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ထိုးပေးသည့် COVID-19 ကာကွယ် ဆေးအပြည့် ထိုးပြီးသူများဖြစ်ပြီး အခြားရောဂါအခြေအနေများကြောင့် နေမကောင်း၍ ဆေးရုံ လာပြရာမှ COVID-19 ရောဂါ ဖြစ်ပွါးနေသည်ကို စစ်ဆေးတွေ့ရှိရသည်ဟု ဆေးရုံဝန်ထမ်းများက ပြော သည်။

ပုသိမ်မြို့မှာ COVID-19 ရောဂါ အတည်ပြုလူနာစာရင်းများအနက် အောက်တိုဘာလ ၂ ရက်နေ့တွင် ၂ဦး၊ အောက ်တိုဘာ လ ၃ ရက်နေ့တွင် ၁ဦး၊ အောက်တိုဘာလ ၁၉ ရက်နေ့တွင် ၂ဦး နှင့် အောက်တိုဘာလ ၂၄ ရက်နေ့တွင် တစ်ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။

သေဆုံးသူ ၆ ဦး အနက် အမျိုးသမီး ၂ ဦး ပါဝင်ပြီး သေဆုံးသူများမှာ အသက် ၅၀နှစ် မှ အသက် ၆၅ နှစ် ကြား အရွယ် ရှိသူများဖြစ်ကြသည်ဟု ဆေးရုံဝန်ထမ်းများက ဆိုသည်။

လက်ရှိ ဖြစ်ပွားကူးဆက်ခံရသည့် COVID-19 ရောဂါ ဖြစ်ပွါးမှုသည် တတိယလှိုင်းတုန်းက ကဲ့သို့ အခြေအနေ မပြင်းထန်သော်လည်း သေဆုံးမှုများ ရှိလာခြင်းကြောင့် မပေါ့ဆသင့်ဘူးဟု ဧရာဝတီတိုင်းအတွင်းရှိ CDM ဆရာ ဝန်များ အစုအဖွဲ့ က တာဝန်ရှိသူ တစ်ဦး က ပြောသည်။

CDM ဆရာဝန်တစ်ဦး က “ကူးဆက်မှုနဲ့ သေဆုံးမှုက ခပ်စိပ်စိပ် ဖြစ်လာတယ်။ ကာကွယ်ဆေး ထိုးထားလည်း ကူးဆက်ခံရတယ်။ သေ တယ် ဆိုတော့ ကျန်းမာရေးဌာနက ထုတ်ပြန်တဲ့ စည်းကမ်းတွေကို လိုက်နာဖို့ လိုပါ တယ်။ အဓိက ကတော့ လူ စည်ကားတဲ့ နေရာတွေ ရှောင်ပါ။ လက်ဆေးပါ။ Mask တပ်ဖို့ မမေ့ပါနဲ့” ဟု ပြော သည်။

စစ်ကောင်စီ အနေဖြင့် COVID-19 ကာကွယ်ဆေးများ ထိုးပေးနေသော်လည်း ကျန်းမာရေးဌာန က ထုတ်ပြန် ထားသည့် စည်းကမ်းကို မလိုက်ပဲ လူစုလူဝေးများဖြင့် အခမ်းအနားများနှင့် ပွဲလမ်းများသဘင်များကို လုပ်နေကြ သည့်အပြင် ကာစီနိုဝိုင်းများ၊ လောင်းကစားဝိုင်းများကို လိုင်းကြေးယူပြီး ဖွင့်နေသည်ဟု ပုသိမ်မြို့ခံ အချို့ က ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းမှ ဖြစ်ပွားလာသည့် COVID-19 ရောဂါ တတိယလှိုင်းတွင် ပုသိမ်မြို့မှာ ကူးစက်မှုနှုန်းများပြီး COVID-19 ရောဂါကြောင့် သေဆုံးသူ ၁၄၀၀ ကျော်ရှိခဲ့သည်ဟု ဒေသတွင်းရှိ နာရေးကူညီမှု အသင်းအဖွဲ့များ၏ မှတ်တမ်းစာရင်းများအရ သိရသည်။