ပုသိမ်တွင် ဖမ်းဆီးမှုများ ဆက်ရှိနေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၃၀ ရက်။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့က စစ်ကောင်စီဝန်ကြီးများနှင့် ရင်းနှီးနီးစပ်သူအဖြစ် လူသိများသော အိုမီဂါ ဆံပင်ညှပ် လုပ်ငန်းပိုင်ရှင်အား PDF များကို ထောက်ပံ့ပေးနေသူဟု စွပ်စွဲကာ စစ်ကောင်စီက ဖမ်းဆီးထားသည်ဟု ဒေသခံများက ပြောသည်။
အိုမီဂါ ဆံပင်ညှပ် လုပ်ငန်းပိုင်ရှင် အိုမီဂါ ဆန်းဝင်း ဆိုသူကို ပုသိမ်မြို့၊ အမှတ် ၄ ရပ်ကွက်၊ မင်္ဂလာလမ်းရှိ ၎င်း ၏ နေအိမ်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက် ဖမ်းဆီးသွားသည်ဟု ယင်းလမ်းအတွင်း နေထိုင်သူများက ပြောသည်။
“နယ်မြေ ရဲစခန်းကို ခေါ်သွားပြီး စစ်ဆေးမေး မြန်းနေတယ်လို့ သိရတယ်။ လူကိုတော့ မတွေ့ရသေးဘူး။ စဖမ်း တဲ့နေ့နဲ့ဆို အချုပ်ခံထားရတာ ၃ – ၄ရက်ရှိနေပြီ” ဟု မိသားစု နှင့် နီးစပ်သူတစ်ဦး က ပြောသည်။
အိုမီဂါဆန်းဝင်းဆိုသူအား အောက်တိုဘာလ ၂၅ ရက်နေ့၊ ညနေပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွား ခြင်း ဖြစ်ပြီး ယနေ့(အောက်တိုဘာလ ၂၉ ရက်နေ့)အထိ ၎င်းနှင့် တွေ့ဆုံခွင့်မရသေးဘူးဟု ဆိုသည်။
ယခု ဖမ်းဆီးမှုမှာ ပုသိမ်မြို့နယ်၌ အောက်တိုဘာလအတွင်း နိုင်ငံရေး ပုဒ်မ အမျိုးမျိုးတပ်၍ ဖမ်းဆီးခံရမှုများ အနက် ၃၂ ဦးမြောက်ဖြစ်သည်ဟု ဒေသခံတွင်း သတင်းအရင်းအမြစ်များ က ဆိုသည်။
အိုမီဂါဆန်းဝင်း ဆိုသူမှာ လက်ရှိ စစ်ကောင်စီဝန်ကြီးများ၊ စစ်ဖက် အရပ်ဖက် အရာရှိကြီးများနှင့် ရင်းနှီးသော ဆက်ဆံရေးရှိသူဖြစ်ကာ အထူးသဖြင့် စစ်ကောင်စီ၏ ဧရာဝတီတိုင်း နယ်လုံဝန်ကြီးဟောင်း ဗိုလ်မှူးကြီး ကျော် စွာလှိုင်၊ ၎င်း၏ ဇနီးဖြစ်သူတို့နှင့်လည်း ရင်းနှီးသော ဆက်ဆံရေးရှိသူ တစ်ဦးဖြစ်၍ စစ်ကောင်စီကို ကူညီပေးနေ သူတစ်ဦးဖြစ်သည်ဟု မြို့ခံအချို့က ပြောသည်။
မြို့ခံအချို့ကမူ အိုမီဂါဆန်းဝင်းဆိုသူသည် ဧရာဝတီတိုင်း အစိုးရ ဝန်ကြီးချုပ်အဆက်ဆက်နှင့် အကျွမ်းဝင်ခဲ့သူ ဖြစ်ကာ ဌာနဆိုင်ရာ အကြီးအကဲများ၏ (ဇနီး) ကတော် အများစုနှင့် ရင်းနှီးကျွမ်းဝင်သူလည်း ဖြစ်သည်ဟု ဆို သည်။
ထို့အပြင် ၎င်းသည် NLD အစိုးရ လက်ထက်တွင် ပုသိမ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းလွှတ်တော် ဥက္ကဋ္ဌ၊ စာရင်းစစ် ချုပ်၊ တရားသူကြီးချုပ်၊ ဥပဒေချုပ်တို့ထံ အဝင်အထွက် ရှိသည့်အပြင် ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစိုးရတုန်းကလည်း လွှတ်တော် ဥက္ကဋ္ဌ ဗိုလ်ချုပ်ဆန်းဆင့်၊ စီမံဝန်ကြီး ဦးဝင်းကိုကို၊ ငပုတော လွှတ်တော် ကိုယ်စားလှယ် ဦးအေးကြည်တို့နှင့်လည်း ရင်းနှီးသော ဆက်ဆံရေးရှိသူ ဟု ဆိုသည်။
မြို့ခံ မူခင်းသတင်းထောက် တစ်ဦး က “သူကအတော် နှံ့စပ်တယ်။ သတင်းထောက်တွေတောင် မကျန် သိတယ်။ ဆမူစာ လိုလူမျိုး” ဟု ပြောသည်။
ပုသိမ်မြို့တွင် အောက်တိုဘာလအတွင်း စစ်ကောင်စီက ဒေသခံများကို ခပ်စိပ်စိပ် ဖမ်းဆီးမှုများ လုပ်နေပြီး ဖမ်း ဆီးခံထားရသူများကို စစ်တပ်က PDF၊ NUG၊ CDM များကို ထောက်ပံ့သူများ၊ ပတ်သက်ဆက်နွယ်သူများ၊ အကြမ်းဖက် ဗုံးခွဲရန် ကြံစည်သူများအဖြစ် စွပ်စွဲကာ နိုင်ငံရေးပုဒ်မ အမျိုးမျိုးတပ်ပြီး ဖမ်းဆီးစစ်ဆေးမှု များရှိနေသည်ဟု ဒေသခံများက ပြောသည်။
ယခုလအတွင်း ဖမ်းဆီးခံရသူများမှာ ပုသိမ်မြို့၊ အမှတ် ၃ ရပ်ကွက်က ကိုတင်ကိုနှင့် လူငယ် ၅ ဦး၊ အမှတ် ၄ ရပ် ကွက်က ဒေါက်တာ သန်းဇော် နှင့် အိုမီ ဂါ ဆန်းဝင်း၊ ပုသိမ်တစ်ဘက်ကမ်း အမှတ် ၁၀ ရပ်ကွက်က ကြက်ခြံ ပိုင်ရှင်နှင့် အလုပ်သမား ၆ ဦး ဒေသခံ ၉ ဦး တို့ ဖြစ်သည်။
ကျန်သူများမှာ ညကန့်သတ်ချိန် အပြင်ထွက်သူနှင့် ဧည့်စာရင်း စစ်ရာမှ မသင်္ကာ၍ အဖမ်းခံထားရသူများ ဖြစ်ပြီး၊ ဖမ်းဆီးခံသူ ၃၂ ဦး ရှိသည့်အနက် အမျိုးသမီး ၄ ဦး ပါဝင်သည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။