ဧရာဝတီတိုင်းတွင် ရိုဟင်ဂျာ ၄၆ ဦး နှင့် လမ်းပြ ၂ ဦး ဖမ်းဆီးခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်။
ဧရာဝတီတိုင်း ရိုဟင်ဂျာ ၄၆ ဦးနှင့် လမ်းပြ ၂ ဦးတို့ကို စစ် ကောင်စီ၏ တပ်ဖွဲ့က ဖမ်းမိထားသည်ဟု အုပ်ချုပ်ရေး အဖွဲ့နှင့် နီးစပ်သူများက ပြောသည်။
ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့နယ်နှင့် ရခိုင်ပြည်နယ်၊ ဂွမြို့နယ် အကြား ငါးသိုင်းချောင်း – ဂွ ကားလမ်း၊ ဒေါင်း ချောင်း ကျေးရွာအုပ်စု၊ ဗောဓိကျေးရွာအနီးက တောစပ်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
လဝက ဦးစီးဌာန နှင့် နီးစပ်သူတစ်ဦး က “တောစပ် နားမှာ လူအုပ်စုတစ်စု တွေ့တယ်။ သတင်းရလို့ စစ်တပ်က လိုက်ရှာပြီး ဖမ်းမိသွားတာ” ဟု ပြောသည်။
ဖမ်းဆီးခံလိုက်ရသည့် ရိုဟင်ဂျာများထဲတွင် အမျိုးသမီး ၁၈ ဦး၊ အမျိုး သား ၂၈ ဦး နှင့် လမ်းပြ ၂ ဦး၊ စုစုပေါင်း ၄၈ ဦး ဖြစ်ပြီး ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် နှင့် မောင်တောမြို့နယ်ရှိ ကျေးလက် ဒေသဘက်က ဧရာဝတီတိုင်းဘက်ကို ကုန်းကြောင်း ခရီးဖြင့် လာကြသူများ ဖြစ်သည်ဟု အုပ်ချုပ် ရေးအဖွဲ့နှင့် နီးစပ်သူများက ဆိုသည်။
ရိုဟင်ဂျာများက ပွဲစားတစ်ဦး၏ အဆက်အသွယ်ဖြင့် မလေးရှားနိုင်ငံတွင် အလုပ်သွားလုပ်ရန် အတွက် မူလ နေ ထိုင်ရာ ဒေသမှ ထွက်လာကြစဥ် ကြာသပတေးနေ့ နံနက်ပိုင်းက ဂွမြို့နယ်ဘက် အခြမ်း ဗောဓိကျေးရွာအနီးတွင် အဖမ်းခံရခြင်း ဖြစ်သည်။
ရိုဟင်ဂျာများထံကို ပွဲစားဆိုသူ အမျိုးသားတစ်ဦးက ရောက်လာပြီး မလေးရှားနိုင်ငံသို့ သွားလိုလျှင် သိန်း ၈၀ ဖြင့် ပို့ဆောင်ပေးမည်ဖြစ်ကြောင်းနှင့် ဧရာဝတီတိုင်းဘက်မှ ထွက်ရမည်ဆိုသဖြင့် ဒေသမှ စွန့်ခွာထွက်လာကြ သူများဖြစ်ဟု ဧရာဝတီ မြန်မာ မူဆလင် ကွန်ရက် အဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
ဧရာဝတီ မြန်မာ ဆလင် ကွန်ရက်အဖွဲ့ဝင် တစ်ဦး က “ပို့ဆောင်ခကို ချက်ချင်း ပေးစရာမလိုဘဲ မလေးရှား ရောက်တဲ့ အချိန်မှသာ ပေးရမယ်။ ဗောဓိရွာနားကနေ လာ ခေါ်မယ့် ဧရာဝတီတိုင်းဘက်က လာခေါ်မယ့် ပွဲစား ကို စောင့်နေတုန်း အဖမ်းခံရတာ” ဟု ပြောသည်။
ဖမ်းမိထားသည့် ရိုဟင်ဂျာများကို ဂွမြို့နယ် ရဲစခန်း အချုပ်တွင် ယာယီ ထိန်းသိမ်း စစ်ဆေးနေပြီး လဝက အက် ဥပဒေဖြင့် အမှုဖွင့် အရေးယူသွားရန် လုပ်ဆောင်နေသည်ဟဟု ဒေသခံ သတင်းရင်းမြစ်များက ဆိုသည်။
ဧရာဝတီတိုင်း အတွင်းသို့ ရခိုင်ပြည်နယ်ဘက်မှ ရိုဟင်ဂျာများ မကြာခဏ ဝင်ရောက်လာလေ့ ရှိပြီး၊ အောက်တို ဘာလ ၂၂ ရက်နေ့က မအူပင်မြို့နယ်၊ အောက်ထုံးကျေးရွာအနီး တိုးမြစ်အတွင်း စက်လှေဖြင့် ဝင်လာသည့် ရိုဟင် ဂျာ ၅၄ ဦးနှင့် စက်လှေသမား ၄ ဦးတို့ကိုလည်း ဖမ်းမိခဲ့သေးသည်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလမှ စက်တင်ဘာလကုန် အထိ ရခိုင်ပြည်နယ်ဘက်မှ ဧရာဝတီတိုင်းဘက်သို့ ကုန်းလမ်း၊ ရေ လမ်းများမှ နယ်မြေဖြတ်ကျော် ဝင်ရောက်လာသည့် ရိုဟင်ဂျာ ၆၀၀ ကျော်ကို စစ်ကောင်စီက ဖမ်းမိထားပြီး ဖြစ်သည်။
ဖမ်းဆီးခံထားရသူများအနက် လူဦးရေ ၁၅၀ ကျော်ကို ထောင် ၂ နှစ်စီချထားပြီးပြီဟု ရဲတပ်ဖွဲ့နှင့် နီးစက်သူများ ထံမှ သိရသည်။