အရပ်သားများအပေါ် ဗုံးကြဲမှု နောက်ပိုင်း အခြေအနေအရပ်ရပ်ကို “ဝ” အဖွဲ့ အထူးစောင့်ကြည့်နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
အောက်တိုဘာလ ၃၀ ရက်၊ ၂၀၂၂ ခုနှစ်။
အရပ်သားများအပေါ် ဗုံးကြဲတိုက်ခိုက်ခံရမှု နောက်ပိုင်း ပြောင်းလဲဖြစ်ပွားလာမည့် အခြေအနေ အရပ်ရပ်ကို အထူးဂရု ပြု စောင့်ကြည့်နေသည်ဟု “ဝ” ပြည်သွေးစည်း ညီညွတ်ရေးပါတီ UWSP က ထုတ်ပြန်ပြောဆို လိုက်သည်။
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဖွဲ့စည်းတည်ထောင်ခြင်း (၆၂) နှစ်ပြည့် ဂုဏ်ပြု အခမ်းအနား တေးဂီတ ဖျော် ဖြေပွဲကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ကချင်ပြည်နယ် ဖားကန့် အနန့်ပါတွင် လူပေါင်းများစွာ သေကျေဒဏ်ရာ ရခဲ့သည့်ဖြစ်စဉ်အပေါ် အောက်တိုဘာလ ၂၆ ရက်နေ့က တရုတ်ဘာသာဖြင့် ထုတ်ပြန်ထားသည့် UWSP ၏ ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။
တရုတ်ဘာသာဖြင့် ထုတ်ပြန်ချက်ကို UWSP လားရှိုးဆက်ဆံရေးတာဝန်ခံ ဦးညီရန်းက မြန်မာဘာသာဖြင့် ပြန်ဆို ထားသည်။
ထုတ်ပြန်ချက်ထဲတွင် UWSP “ကျွန်ုပ်တို့သည် ဤကဲ့သို့ ဆိုးဝါးလှသည့်ကိစ္စများကိုခါးသီးပြီးဖြစ်စဉ်၏ နောက် ဆက်တွဲပြောင်းလဲ ဖြစ်ပွားလာမည့်အခြေအနေအရပ်ရပ်ကိုအထူးဂရုပြုစောင့်ကြည့်နေပါသည်” ဟု ဆိုသည်။
ထို့အပြင် လူပေါင်းများစွာသေကျေ ဒဏ်ရာရခဲ့သည့် ဖြစ်စဉ်သတင်း ကိုကြားသိရစဉ်တွင် များစွာ အံ့ဩတုန်လှုပ် ခဲ့ရသည့် အပြင် ဤဖြစ်စဉ်တွင်အသက်ဆုံးရှုံးခဲ့ရ သည့်အပြစ်မဲ့ပြည်သူများအပေါ် နှမြောတမ်းတမှုနှင့် အတူ ကျန်ရစ်သူမိသားစုများ၊ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် ထပ်တူ ဝမ်းနည်းကြေကွဲခံစားရပါသည် ဟု UWSP က ဆိုသည်။
ထိုထုတ်ပြန်ချက်ထဲတွင် UWSP/UWSA က ပဋိပက္ခတွင် ပါဝင်သည့် သက်ဆိုင်ရာ အဖွဲ့အစည်းများအား အချက် ၂ ချက်ဖြင့် တိုက်တွန်း နှိုးဆော် တောင်းဆိုထားသည်။
ထိုအချက်များမှာ အသက်ပေါင်းများစွာ သေကျေပျက်စီးစေသည့် လက်နက်ကိုင် ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲများ ရှောင်ရှားရေး လူ့အဖွဲ့အစည်းနှင့် လူမျိုးစုအကြား ချစ်ကြည်ရေးအတွက် အတူလက်တွဲမှု ကောင်းစွာဖြစ်ထွန်းပြီး မျိုးရိုးစဉ်ဆက် ရန်ငြိုးထားရှိမှု စသည့်ပဋိပက္ခများကို ငြိမ်းချမ်းရေးနည်းလမ်းဖြင့်ကိုင်တွယ် ဖြေရှင်းနိုင်ရေးနှင့် လူ့အခြေခံအခွင့်အရေးပဋိညာဉ်စာတမ်းအရ အပြစ်မဲ့ပြည်သူများ၊ အမျိုးသမီးနှင့် ကလေးသူငယ်များအား ပဋိ ပက္ခ ဖြစ်စဉ် တိုက်ခိုက်မှုများကြားမှ အတတ်နိုင်ဆုံး၊ အထိရောက်ဆုံး ကာကွယ်စောင့်ရှောက်ရေး စသည့် သဘောထားခံယူချက်များကို ထုတ်ပြန်ကြေငြာသည်ဟု UWSP/UWSA က ဆိုသည်။
UWSP/UWSA သည် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ပါဝင်သည့် မြောက်ပိုင်း လက်နက်ကိုင် အဖွဲ့အစည်း ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC ၏ အဖွဲ့ဝင်အဖွဲ့အစည်း ဖြစ် သည်။