မြိတ် တိုက်ပွဲ စစ်ကောင်စီ ဒု-အရာခံ ဗိုလ်တစ်ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်။
မြိတ်မြို့နယ် တုံးဗျောတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဒု-အရာခံဗိုလ် တစ်ဦး နှင့် အုပ်ချုပ်ရေးမှူးတစ်ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဒေသခံရွာသားများက ပြောသည်။
မြိတ်မြို့နယ်အတွင်းရှိ တုံးဗျောကျေးရွာအုပ်စု တုံးဗျောငယ်ကျေးရွာတွင် စစ်ကောင်စီကင်းစခန်းနှင့် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး နေအိမ်တို့အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာမှ နှစ် ဖက်ကြား အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားပြီး ယခုကဲ့သို့ ထိခိုက်သေဆုံးမှုများ ရှိခဲ့ခြင်းဖြစ်သည်။
အသက် ၅၀ နှစ် အရွယ် ရွာသားတစ်ဦးက “အုပ်ချုပ်ရေးမှူး အိမ်ကို အရင်ဆုံး စပစ်တာ ဦးစိန်သန်း အိမ်ပေါ် က နေ ဆင်းပြေးပြီး ကားပေါ်အတက်မှာ ပစ် သတ်ခံထိတာ။ စစ်တပ် ကင်းစခန်းဘက်မှာလည်း သေနတ်သံတွေ နှစ် ဘက် အပြန်အလှန် ပစ်ခတ်တာတွေ ကြားရတယ်” ဟု ပြောသည်။
နိုဝင်ဘာလ ၂ ရက်နေ့၊ နံနက် ၅ နာရီခန့်က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီးရာမှ နှစ်ဘက်အပြန်အလှန် ပစ် ခတ်ခဲ့ကြခြင်း ဖြစ်သည်။
အပြန်အလှန် နှစ်ဘက်ပစ်ခတ်ခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီ ကင်းစခန်းမှ ဒု-အရာခံဗိုလ် တစ်ဦး သေဆုံး ကာ စစ်သား ၅ ဦး လည်း ထိခိုက်ဒဏ်ရာများ ရရှိသွားသည်ဟု ရွာသားများက ပြောသည်။
ထို့အပြင် ထွက်ပြေးတိမ်းရှောင်နေရာမှ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းမှ ကျေးရွာသို့ ပြန်လည်ရောက်ရှိနေသည့် စစ်ကောင်စီခန့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိန်သန်း အသက် ၄၅ နှစ် သည်လည်း ၎င်း၏ နေအိမ်တွင်ပင် ပစ်သတ်ခံလိုက်ရသည်။
သေဆုံးသူ ဦးစိန်သန်းသည် ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့၊ ည ၉ နာရီအချိန်ခန့်က နေအိမ်တွင် ရှိနေစဉ် မျက်နှာဖုံး စွပ် လူတစ်စုမှ သေနတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သဖြင့် မြိတ်ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ဖူးသူလည်း ဖြစ် သည်။
အောက်တိုဘာလ ၁၃ ရက်နေ့တွင်လည်း ဦးစိန်သန်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကျေးရွာတွင် ရောက်ရှာဖွေပြီး ဦးစိန်သန်း ထွက်ပြေး လွတ်မြောက်သွားခဲ့သဖြင့် နေအိမ်အတွင်းရှိ အိမ်ထောင် ပရိဘောဂ ပစ္စည်းများ စုပုံမီးရှို့ခံခဲ့ရသေးသည်။
ဦးစိန်သန်းသည် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)၏ ရပ်ကျေးဥက္ကဋ္ဌ ဖြစ်သည့်အပြင် ပျူစောထီး ခေါင်းဆောင် တစ်ဦးလည်း ဖြစ်သည်ဟု ရွာသားများက ပြောသည်။
ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက နိုဝင်ဘာလ ၂ ရက်နေ့၊ နံနက် ၆ နာရီခွဲ အချိန်ခန့်တွင် ပြန်လည် ဆုတ်ခွာ သွား ခဲ့သော်လည်း စစ်ကောင်စီတပ်ဖွဲ့ဘက်ကမူ ထိုနေ့ နံနက် ၈ နာရီကျော် အချိန်ထိ လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ဆက်လက်ပစ်ခတ်ခဲ့သေးသည်ဟု ရွာသားများ က ပြောသည်။
ပစ်ခတ်မှုဖြစ်ပြီးနောက် နံနက် ၈ နာရီခွဲအချိန်ခန့်တွင် အရေးပေါ် လူနာတင်ကားများ ရောက်ရှိလာပြီး သေဆုံး ထိခိုက်ဒဏ်ရာရရှိသူများကို မြိတ်မြို့ဘက်သို့ သယ်သွားခဲ့သော်လည်း အုပ်ချုပ်ရေးမှူး ဦးစိန်သန်း၏ အလောင်း ကို ၎င်း၏နေအိမ်တွင်ပဲ ထားခဲ့ကြသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကူရောက်ရှိလာသည့် စစ်ကောင်စီတပ်ဖွဲ့က ထိုနေ့ နေ့လည်ပိုင်း အချိန်ထိ ကား လမ်းမကြီးအား ပိတ်ဆို့ တားဆီးကာ မြိတ် – တနင်္သာရီ သွားလာသည့် ကားများနှင့် ခရီးသွားပြည်သူများကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။
ယခုကဲ့သို့သော ပစ်ခတ်မှုများနှင့် တိုက်ပွဲများ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်ထိတ်လန့်ကြသည့် ရွာသားများမှာမူ ထိုနေ့ နံနက်ပိုင်း တိုက်ပွဲပြီးချိန်မှစတင်၍ နီးစပ်ရာ အခြားကျေးရွာများနှင့် မြိတ်မြို့သို့ ကားကြီး ကားငယ်များဖြင့် ပြောင်းရွှေ့နေကြသဖြင့် ကျေးရွာအတွင်း လူပင် မကျန်သလောက်ဖြစ်နေသည်ဟု ရွာသားတစ်ဦးက ပြောသည်။
တုံးဗျောကျေးရွာသည် မြိတ်မြို့မှ ၂၈ မိုင်ခန့်သာ ကွာဝေးပြီး မြိတ်-တနင်္သာရီ-ကော့သောင်းမြို့သွား ပြည်ထောင် စု လမ်းမကြီးပေါ်တွင်တည်ရှိသည်။
အိမ်ခြေတစ်ရာကျော်ခန့်ရှိပြီး လယ်ယာနှင့် ဥယျဉ်ခြံမြေ လုပ်ငန်းများကို အဓိကထား လုပ်ကိုင်ကြပြီး ပျူစောထီး အင်အားကောင်းသည့် ကျေးရွာတစ်ရွာလည်း ဖြစ်သည်။