ဟင်္သာတ NLD လွှတ်တော်ကိုယ်စားလှယ်၏ အမ နေအိမ်ကို ချိပ်ပိတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်။

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဧရာဝတီတိုင်း ဒေသကြီး လွှတ် တော် ကိုယ်စားလှယ် တစ်ဦး၏ အစ်မတော်စပ်သူ နေအိမ်ကို စစ်ကောင်စီက ချိပ်ပိတ်လိုက်သည်ဟု ဒေသခံ များက ပြောသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ၊ ဟင်္သာတမြို့နယ် အမှတ်-၂ မဲဆန္ဒနယ်က တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအေးမင်း၏ အစ်မကြီးဖြစ်သူ နေအိမ်အား စစ်တပ်က ချိပ်ပိတ်လိုက်ခြင်း ဖြစ်သည်။

“စစ်သားတွေ ရဲတွေ အင်အား အတော်များတယ်။ အရပ်ဝတ်တွေလည်း ပါတယ်။ သေနတ်တွေ တကားကား နဲ့ ဆိုတော့ အလန့်တကြား ဖြစ်ကုန်တယ်” ဟု ဒေသခံတစ်ဦး က ပြောသည်။

ဦးအေးမင်း အစ်မကြီး၏ နေအိမ်အား အောက်တိုဘာလ ၂၈ ရက်နေ့ မွန်းလွဲပိုင်းက ချိပ်ပိတ်လိုက်ခြင်း ဖြစ်သည် ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီက တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးအေးမင်း၏ နေအိမ်ကိုမူ ၂၀၂၂ ခုနှစ်၊ ဖေဖေါ်ဝါရီ လဆန်းပိုင်း က ချိပ်ပိတ် သိမ်းဆည်းခဲ့ပြီးနောက် အစ်မအကြီးဆုံး ဖြစ်သူ၏ နေအိမ်ကို ယခု ထပ်မံ ချိပ်ပိတ် သိမ်းဆည်း လိုက်ခြင်း ဖြစ်သည်။

စစ်ကောင်စီ ၏ စစ်သားနှင့် ရဲတပ်ဖွဲ့ဝင် အင်အား ၅၀ ကျော်ခန့်က လမ်းနှစ်ဖက်ကို ပိတ်ဆို့ကာ အိမ်အတွင်းက ပစ္စည်းများကို ရွှေ့ပြောင်းခိုင်းပြီး နေအိမ်ကို ဗီနိုင်းစာကပ်ကာ ချိပ်ပိတ်လိုက်ခြင်းဖြစ်သည်။ ထို့နောက် အဆိုပါ အိမ်တွင် နေထိုင်သူ ဦးအေးမင်း၏ အစ်မအကြီးဆုံးဆိုသူအား အိမ်ပေါ် မှ အတင်းအဓမ္မ ဖယ်ရှားခိုင်း လိုက်ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဟင်္သာမြို့နယ် မဲဆန္ဒနယ် အမှတ်-၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အဖြစ် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ တွင် အနိုင်ရထားသည့် ဦးအေးမင်းမှာ အာဏာသိမ်း စစ်ကောင်စီကို ဆက်လက် ဆန့်ကျင်နေသဖြင့် စစ်ကောင်စီ က ၎င်းကို ဖမ်ဒဝရမ်းထုတ်ထားသည်ဟုလည်း မြို့နယ် ရဲတပ်ဖွဲ့ အသိုင်းအဝိုင်းထံမှ သိရသည်။

“အဲ့ဒီအိမ်မှာ ကိုအေးမင်းက နေတာလည်း မဟုတ်ဘူး။ ရှိလည်း မရှိဘူး။ သူ့ကို စစ်ကောင်စီက ပြန်လာပြီး ခံဝန် နဲ့ နေဖို့ မိသားစုက တဆင့် ဆက်သွယ် ပြောခိုင်းတယ်။ ဒါပေမယ့် သူက ပြန်မလာဘူး” ဟု ဦးအေးမင်း၏ မိသား စု နှင့် နီးစပ်သူတစ်ဦး က ပြောသည်။

စစ်ကောင်စီ က ၎င်းတို့ထံတွင် ခံဝန်မလုပ် အညံ့မခံဘဲ ဆက်လက် ဆန့်ကျင်နေသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များ NUG၊ CRPH၊ PDF အဖွဲ့ဝင်များ နှင့် ၎င်းတို့ကို ထောက်ပံ့သူများ အဖြစ် စွပ်စွဲ ဝရမ်းထုတ်ခံရသူများ၏ နေအိမ် အဆောက်အဦးများကို ချိပ်ပိတ်သိမ်းဆည်းမှုများ ပြုလုပ်နေပြီး ကျန် မိသားစုဝင်များကိုပါ နည်းမျိုးစုံဖြင့် အနှောက်အယှက် ခြိမ်းခြောက်မှုများ ပြုလုပ်လျှက်ရှိသည်။

အမည်မဖေါ် လိုသည့် တရားလွှတ်တော် ရှေ့နေတစ်ဦးက “နိုင်ငံရေး ပုဒ်မ တခုခုနဲ့ စွပ်စွဲခံရသူ ဒါမှမဟုတ် အပြစ်ဒဏ် ချမှတ်ခံရသူရဲ့ ကျန်ရစ်တဲ့ မိသားစုနဲ့ ဆွေမျိုးတော်စပ်သူတွေရဲ့ နေအိမ်တွေ အပါအဝင် ပိုင်ဆိုင်မှု တွေကို ချိပ်ပိတ် သိမ်းဆည်းတာက ဥပဒေကြောင်းအရ အကျုံးမဝင်ဘူး” ဟု ပြောသည်။

ဧရာဝတီတိုင်းအတွင်း စစ်ကောင်စီက ချိပ်ပိတ် သိမ်းဆည်းရာတွင် အိမ်၊ ခြံမြေ၊ အခမဲ့ စာသင်ကျောင်း၊ ပရဟိ တရုံး၊ ဆေးခန်း၊ လက် ဖက်ရည်ဆိုင်၊ အရက်ဆိုင်၊ လူနာတင်ယာဉ်၊ ကိုယ်ပိုင်ကားနှင့် စားသောက်ဆိုင်များ လည်း ပါဝင်သည်။

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးချိန်မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်း ဧရာဝတီတိုင်းအတွင်း ဝန်ကြီးချုပ် ဟောင်း မန်းဂျော်နီ၏ ကျုံပျော်မြို့မှ နေအိမ်နှင့်ကား အပါအဝင်၊ ပုသိမ်၊ မြောင်းမြ၊ ရေကြည်၊ အသုတ်၊ မအူ ပင်၊ ညောင်တုန်း၊ ဖျာပုံ၊ ဝါးခယ်မ၊ ချောင်းသာ၊ ဖျာပုံ၊ ငရုတ်ကောင်းစသည့် ဒေသများတွင် ချိပ်ပိတ် သိမ်းဆည်း ခံရမှုပေါင်း ၂၀၀ ဝန်းကျင်ခန့် ရှိနေပြီ ဖြစ်သည်ဟု ဒေသခံများနှင့် ရှေ့နေအသိုင်းအဝိုင်းထံမှ သိရသည်။