PDF ကို ထောက်ပံ့သည် ဆိုကာ ပန်းရံ သမားတစ်ဦးအား အမှုဖွင့်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်။

PDF ထောက်ပံ့မှုဖြင့် မှားယွင်းစွပ်စွဲ ဖမ်းဆီးခံရသည့် ကျောက်မဲမြို့က ပန်းရံလုပ်သားအား စရဖက ရိုက်နှက် ဝန်ခံခိုင်းပြီးနောက် အမှုဖွင့် တရားစွဲဆိုလိုက်သည်ဟု မိသားစုဝင်များက ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် PDF ထောက်ပံ့မှုဖြင့် မှားယွင်းစွပ်စွဲ ဖမ်းဆီးခံရသည့် အသက် ၃၉ နှစ် အရွယ် ပန်းရံအလုပ်သမား ကိုအောင်သူကို စစ်ကောင်စီ လက်အောက်ခံ ကျောက်မဲမြို့နယ် ရဲစခန်းမှ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပါ ငွေကြေးဆိုင်ရာထောက်ပံ့မှု ဥပဒေ ပုဒ်မ ၅၀-ည အရ ဖြင့် အမှုဖွင့် တရား စွဲဆို လိုက်ပြီဟု မိသားစုဝင်များက ပြောသည်။

“စခန်းမှူးက မြို့နယ်မှူးဆီ ညွှန်တယ်။ မြို့နယ်မှူးကလည်း စရဖဆီ ညှိပေးမယ်ပေါ့။ သူတို့တောင် မညှိရသေးဘူး အမှုက ဖွင့်လိုက်ပြီ။ ရှေ့နေလည်း စုံစမ်းနေတုန်းပဲ ရှိသေးတယ်။ သူများတွေ ပြောတာတော့ မြို့ထဲက ရှေ့နေ တွေဆိုရင် စရဖကို ကြောက်ရတယ်တဲ့။ တခြားမြို့က ငှားပေါ့။ တခြားမြို့ကဆိုရင် ကျမလည်း မတတ်နိုင်တော့ ဘယ် လို လုပ်ရမလဲ မသိသေးဘူး” ဟု ဇနီးဖြစ်သူက ပြောသည်။

ထိုသို့ အမှုဖွင့်ပြီးနောက် လာမည့် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ကျောက်မဲမြို့နယ် တရားရုံး၌ ၎င်းအား ရုံးချိန်းခေါ် ယူကာ အမှုစစ်ဆေးသွားမည်ဟု မိသားစုဝင်များက ပြောသည်။

ကျောက်မဲမြို့၊ ရပ်ကွက် ၉ တွင် နေထိုင်နေသူ ကိုအောင်သူသည် ပြီးခဲ့သည့် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ဖိုးလုံး ဆိုသူမှ စားစရာများ ထည့်ထားသော စက္ကူကတ်ဖာအား ၎င်း၏ နေအိမ်၌ လာရောက် အပ်နှံခဲ့ရာ ထို ပစ္စည်းအား လက်ခံပြီးနောက် စစ်ကောင်စီ လက်အောက်ခံ စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) မှ ယင်းနေ့ည ၈ နာရီဝန်းကျင် အချိန်ခန့်တွင် PDF များအား ထောက်ပံ့သည်ဟုဆိုကာ ၎င်းအား လာရောက်ဖမ်းဆီးသွားခြင်း ဖြစ်သည်။

စစ်ကောင်စီ လက်အောက်ခံ စစ်ဖက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့ (စရဖ)က ကိုအောင်သူကို အမှုနှင့်ပတ်သက်၍ ရိုက်နှက်ပြီး အတင်းဝန်ခံခိုင်းခဲ့ခြင်း ဖြစ်သည်ဟု ဇနီးဖြစ်သူက ပြောသည်။

“ရမန်ယူတုန်းက သူစာခိုးရေးထားတာ ပေးလာတယ်။ မဟုတ်လည်း ဟုတ်တယ်လို့ အတင်းဝန်ခံခိုင်းတယ်။ စရဖ စစ်တုန်းကလည်း သူအမှန်ဖြေတာ မယုံလို့ ချီးထွက်အောင်ရိုက်ပြီး ဝန်ခံခိုင်းတယ်လို့ ပြောတယ်။ ဆေးရုံ တင်ရ လောက်အောင်တော့ အခြေအနေ မဆိုးသေးပေမယ့် တစ်ကိုယ်လုံး ဒဏ်ရာတွေနဲ့။ ဝန်မခံမချင်း ရိုက်မှာ ဆိုတော့ ဘယ်လောက်တောင် ဒဏ်ရာရဦးမလဲ မသိဘူး။ ကျမလည်း ရင်ကွဲနေပြီ။”

လက်ရှိတွင် ကိုအောင်သူထံ စားစရာများ ထည့်ထားသော စက္ကူကတ်ဖာ ပစ္စည်း ပို့ဆောင်ပေးခဲ့သည့် ယာဉ် မောင်းဖြစ်သူနှင့် ပစ္စည်း လာရောက်အပ်နှံသူမှာလည်း ထွက်ပြေးတိမ်းရှောင်နေသောကြောင့် ၎င်းအား သက်သေ ထွက်ဆိုပေးမည့် သူပင် မရှိသေးဘူး ဟု ဆက်ပြောသည်။

ဇနီးဖြစ်သူက “ကားဆရာကို ဝရမ်းထုတ်ထားတော့ မတွေ့တော့ဘူး။ လာရင် သူလည်း အဆွဲခံရမှာ ကြောက်နေ တာ။ ပစ္စည်းက ကားဆရာပဲတင်သွားတာ ဆိုတော့ သူတို့တအား ဖမ်းချင်နေတာ။ ဖိုးလုံးကလည်း ပစ္စည်းလာ ပို့ ပြီးတည်းက သူ့မျက်နှာကို မမြင်ရတော့ဘူး။ သူတို့ ဖမ်းခံရမှာစိုးလို့ ရှောင်ကြတာ နားလည်ပါတယ်။ ဒါပေမယ့် ကျမယောက်ကျားကလည်း ဘာမှမဆိုင်ပဲ ဖမ်းခံရတာဆိုတော့ ကိုယ်ချင်းစာစေချင်တယ်” ဟု ပြောသည်။

ဖမ်းဆီးပြီးနောက်လည်း မိသားစုဝင်များနှင့် တွေ့ဆုံခွင့်မပေးပဲ ရမန်ချုပ်ရက်ယူသည့်နေ့မှသာ ဇနီးဖြစ်သူနှင့် တစ် ကြိမ်တွေ့ဆုံခွင့်ရခဲ့သည် ဟု ဆိုသည်။

ထို့အပြင် ကိုအောင်သူအတွက် စားစရာများကိုလည်း ပို့ဆောင်ခွင့်မပေးဘဲ ကျောက်မဲရဲစခန်း ရဲကင်းမှုးထံသို့ တစ်လလျှင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့် ထမင်းစရိတ်ပေးသွင်းနေရသည်ဟု ဇနီးဖြစ်သူက ပြောသည်။

လက်ရှိတွင် ဇနီးဖြစ်သူမှာ ၎င်းတို့၏ ကလေး ၃ ဦးအတွက် စားဝတ်နေရေးကိစ္စရပ်များကို တစ်ဦးတည်း တာဝန် ယူနေရသောကြောင့် ခင်ပွန်းဖြစ်သူအတွက် ရှေ့နေငှားရန်ပင် ငွေကြေးမတတ်နိုင်ပဲ အခမဲ့ကူညီပေးနိုင်မည့် ရှေ့နေများနှင့် အဖွဲ့အစည်းများအား လိုက်လံရှာဖွေနေရ သည်ဟု ဆိုသည်။

ဓါတ်ပုံ – ဇနီးဖြစ်သူအား ကိုအောင်သူ ထောင်တွင်းမှ ပေးလိုက်သည့်စာ