KNU ကွန်ဂရက်ကို တိုက်ပွဲများ ပြင်းထန်သဖြင့် ရွှေ့ဆိုင်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်။
လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် စစ်ကောင်စီ၏ လေကြောင်းမှ တိုက်ခိုက်မှုများမှာ ယခင်ကထက် ပိုမို ပြင်းထန်လာသည့်အတွက် ကျင်းပရန် စီစဉ်ထားသည့် ၁၇ ကြိမ်မြောက် ကရင်အမျိုးသား အစည်းအရုံး KNU ကွန်ဂရက်ကို ရွှေ့ဆိုင်းလိုက်သည်ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီး က ပြောသည်။
၁၇ ကြိမ်မြောက် KNU ကွန်ဂရက်ကို ဖွဲ့စည်းပုံ အရ နောက်ဆုံး ကျင်းပရန် သတ်မှတ်ထားသည့် ၂ နှစ် ကျော်လွန်သွားပြီးနောက် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ကုန်ပိုင်းတွင် ကျင်းပရန် စီစဉ်ထား သော် လည်း ရွှေ့ဆိုင်း ထားခဲ့ရသည်။
ထိုအခြေအနေနှင့် ပတ်သက်၍ ပဒိုစောတောနီး က “လေကြောင်းထိုးစစ်တွေ လေကြောင်းဗုံကြဲတယ် လေ ကြောင်း တိုက်ခိုက်မှုတွေက တဖြည်းဖြည်းနဲ့ အတော မသတ်အောင် ဖြစ်လာတဲ့အခါမှာကျတော့ အထူးသဖြင့် လူထုအပေါ်မှာ ပစ်မှတ်ထားပြီးတော့ လုပ်လာတာပဲ ပြောပြော။ နေရာဒေသအသီးသီးမှာ ဒီလိုဗုံးကြဲတာတွေ များလာတဲ့အခါမှာ ကျနော်တို့ အထူးသဖြင့် ဒီကွန်ဂရက်ကို တက်လာတဲ့ ခေါင်းဆောင်တွေ အထူးသဖြင့် ခရိုင် တပ်မဟာအပိုင်းမှာ ရှိတဲ့ ကျနော်တို့ ခေါင်းဆောင်တွေပေါ့နော ခရိုင်တပ်မဟာမှာရှိတဲ့ ကျနော်တို့ ခေါင်းဆောင် တွေက တပ်မဟာမှူးတွေရော ခရိုင်ဥက္ကဋ္ဌတွေရော အဲဒီကျနော်တို့ ခေါင်းဆောင်တွေက သူ့နယ်မြေမှာ တာဝန် အရှိဆုံး ပုဂ္ဂိုလ်တွေပဲ ဖြစ်တယ်။ တချိန်တည်းမှာ သူတို့ဟာ ဗဟိုကော်မတီတွေ ဖြစ်လာတဲ့အခါကျတော့ အဲဒီ ခေါင်းဆောင်တွေက ကွန်ဂရက်ကို မဖြစ်မနေတက်ရမယ့်သူတွေ ဖြစ်တယ်” ဟု ပြောသည်။
လေကြောင်းတိုက်ခိုက်မှုများအပြင် မြေပြင်တွင်လည်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည့် အခြေအနေ များအောက်တွင် ကွန်ဂရက် မကျင်းပပဲ ရွှေ့ဆိုင်းထားရန် သက်ဆိုင်ရာ ခရိုင်၊ တပ်မဟာ ခေါင်းဆောင်များက လည်း တင်ပြပြောဆိုလာသည် ဟု ပဒိုစောတောနီးက ဆက်ပြောသည်။
ပဒိုစောတောနီးက “တိုက်ပွဲပေါင်း ဒီလောက် ပြင်းပြင်းထန်ထန် ဖြစ်နေတဲ့ အချိန်မှာ ခေါင်းဆောင်တွေ ဒီလို အစည်းအဝေး တက်လာတဲ့အချိန်မှာ တော်တော်စဉ်းစားရမယ့် အချက်တွေပဲ ဖြစ်တယ်ဆိုတာ ကျနော်တို့ ခေါင်း ဆောင်တွေရဲ့ တင်ပြမှုအရသော်လည်းကောင်း နောက်တစ်ချက်က ဘာလဲဆိုတော့ ကျနော်တို့အထူး သဖြင့် နယ် စပ်ဒေသမှာ ကျနော်တို့ တပ်မဟာ ၆ ကြီး နီးနီးနားနားမှာရှိရင် ပြောရမယ်ဆိုရင်တော့ ဒီကော့ကရိတ်မြို့တိုက်ပွဲ တွေ နောက်မြို့ထဲ အထိပါ တိုက်ပွဲပြင်းထန်လာတဲ့အခါမှာ အထူးသဖြင့် ကျနော်တို့ သွားလာရေး လမ်းပန်း ဆက် သွယ်ရေးတွေက တော်တော်လေး အခက်အခဲ ဖြစ်လာတဲ့ဟာကို ကျနော်တို့ တွေ့နေရတယ်။ အဲဒီအပေါ်မှာ ကျနော်တို့ ခရိုင် ခေါင်းဆောင်တွေ၊ တပ်မဟာ ခေါင်းဆောင်တွေရဲ့ တင်ပြချက် အရပဲ ကျနော်တို့ သေချာပြန် စဉ်းစားပြီးတော့ ကျနော်တို့ ဒီကွန်ဂရက်ကိုတော့ ကျနော်တို့ ရွှေ့ဆိုင်းမှ ဖြစ်တော့ မယ်ဆိုတာ ကျနော်တို့ ဆုံး ဖြတ်လိုက်တဲ့ဟာ အခုကျနော်တို့ ရွှေ့ဆိုင်းလိုက်တာ ဖြစ်တယ်” ဟု ပြောသည်။
KNU ၏ ၁၇ ကြိမ်မြောက် ကွန်ဂရက်နှင့် ပတ်သက်၍ သတင်းအမျိုးမျိုး၊ ဝေဖန်မှုအမျိုးမျိုး ထွက်ပေါ်နေသည့် အပေါ် KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက KNU ဗဟို သတင်းနှင့် ပြန်ကြားရေး Facebook စာမျက်နှာ မှ တစ်ဆင့် ပြီးခဲ့သည့် အောက်တိုဘာလ ၂၈ ရက်နေ့က သတင်းထုတ်ပြန်ပြောဆိုထားခြင်း ဖြစ်သည်။
ကရင်အမျိုးသား အစည်းရုံး KNU ကွန်ဂရက်ကို ၄ နှစ်တစ်ကြိမ် ကျင်းပရန် KNU ဖွဲ့စည်းပုံအရ ပြဌာန်းထား သော်လည်း အထူးအခြေအနေအောက်တွင် ကွန်ဂရက်ကို ၂ နှစ်အထိ ရွှေ့ဆိုင်းနိုင်သည်ဟု သိရသည်။ သို့သော် ၂ နှစ်ထက်ပို၍ မရွှေ့ဆိုင်းရန် ဖွဲ့စည်းပုံထဲတွင် ပြဌာန်းထားသည်။
“ရွှေ့ဆိုင်းနိုင်တဲ့ကာလ ၂ နှစ်ကျော်လွန်သွားပေမယ့်လို့ ကျနော်တို့ ဖွဲ့စည်းပုံအခြေခံရဲ့ ပြဌာန်းချက်အရ ကျနော် တို့ ဗဟိုကော်မတီက ဗဟို အမြဲတမ်းကော်မတီက ပျက်ပြယ်သွားတယ်ဆိုတာ မပါပါဘူး။ အဲဒါကြောင့်မို့လို့ ကျ နော်တို့ လက်ရှိကာလမှာ ကျနော်တို့ ဗဟိုကော်မတီက ဆက်လက်ပြီးတော့ ရပ်တည်သွားမှာ ဖြစ်ပြီး ဒီကွန်ဂ ရက် တစ်ခုနဲ့ တစ်ခုအကြားမှာ ကျနော်တို့က တာဝန်ရှိတဲ့ လူတွေအနေနဲ့ ဆက်လက်ပြီးတော့ လုပ်ဆောင်သွား မှာ ဖြစ်တယ်” ဟု ပဒိုစောတောနီး က ပြောသည်။
ကွန်ကရက်နှင့်ပတ်သက်၍ KNU ဗဟိုအမြဲတမ်း ကော်မတီ မှ အစည်းအဝေးပြန်ခေါ်က ဆုံးဖြတ်သွားရန်ရှိ သည် ဟု ပဒိုစောတောနီးက ဆက်ပြောသည်။
“အထူးသဖြင့် ကျနော်တို့ နိုင်ငံရေး ကိစ္စတွေမှာ ဘာလုပ်သင့်သလဲဆိုတာတော့ ကွန်ဂရက်ကို ဘယ်လောက်အထိ ရွှေ့မယ်ဆိုတာတော့ နောက်ပြီးတော့ ဘယ်လို ဆက်ပြီးတော့ နိုင်ငံရေးမူဝါဒတွေ ဆက်ပြီးတော့ သယ်ဆောင် သွားမလဲဆိုတာ ကျနော်တို့ ဗဟိုအမြဲတမ်း ကော်မတီကနေပြီးတော့ ဆက်လက်ပြီးတော့ တာဝန်ရှိသလို အချိန် ကာလကို ကြည့်ပြီးတော့ ကျနော်တို့ အထူးသဖြင့် အစည်းအဝေးတွေ ပြန်ခေါ်ပြီးတော့ ကျနော်တို့ ဆုံးဖြတ် သွားမှာ ဖြစ်တယ်။”
ကရင်အမျိုးသား အစည်းအရုံး KNU ၏ ၁၆ ကြိမ်မြောက် ကွန်ဂရက်ကို ၂၀၁၇ ခုနှစ်က ကျင်းပခဲ့ကြပြီး ၄ နှစ်အ ကြာ ၂၀၂၀ ခုနှစ်တွင် ၁၇ ကြိမ်မြောက် ကွန်ဂရက်ကို ကျင်းပရမည် ဖြစ်သော်လည်း COVID-19 ကပ်ရောဂါ နှင့် စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားလာသည့် နိုင်ငံရေး အခင်းအကျင်းများနှင့် တိုက်ပွဲများကြောင့် ရွှေ့ဆိုင်းထား သည်မှာ ၂ နှစ်ကျော် လာပြီဖြစ်သည်။
ကွန်ဂရက်ကို ရွှေ့ဆိုင်းရန် သတ်မှတ်ချက်သည် ၂ နှစ်ထက် ပိုပြီး မရွှေ့ဆိုင်းရန် သတ်မှတ်ထားသော်လည်း လက် ရှိ အခြေအနေများအောက်တွင် ကျင်းပရန် မဖြစ်နိုင်သေးသည့်အတွက် ရွှေ့ဆိုင်းရခြင်းဖြစ်သည် ဟု KNU က ဆို သည်။