ရာအိမ်မှူး ပစ်ခတ်ခံရပြီးနောက် ဘိုကလေးတွင် ဒေသခံ ၁၀ ဦး ဖမ်းခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်။

ပြည်ခိုင်ဖြိုးပါတီဝင် စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံပြီးနောက် ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်တွင် ဒေသ ခံ ၁၀ ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးထားသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီ၏ အမာခံ သတင်းပေးအဖြစ် နာမည်ထွက်နေသော ဘိုကလေးမြို့နယ်၊ မလော့ကျေးရွာအုပ်စု၊ မရမ်းကွဲကျေးရွာက ရာအိမ်မှူး မြင့်ဇော် (ခေါ်) ရှုပ်ထွေးဆိုသူ သေနတ်ဖြင့် အပစ်ခံရပြီးနောက် မရမ်းကွဲကျေးရွာ အနီးဝန်းကျင်က ဒေသခံများ အဖမ်းခံထားရခြင်း ဖြစ်သည်။

“အပစ်ခံရတဲ့သူက သေဖို့များတယ်။ ဘိုကလေးဆေးရုံမှာ တင်ထားတယ်။ စစ်တပ်က ညကရော ဒီနေ့ (နိုဝင်ဘာ ၄) မနက်ကရော ရွာအဝင်လမ်းနဲ့ ရွာချင်း ဆက်လမ်းတွေကို ပိတ်ဆို့ပြီး လမ်းသွားလမ်းလာတွေရော ရွာခံတွေ ရော ဖမ်းထားတာ” ဟု ဒေသခံတစ်ဦး က ပြောသည်။

ရာအိမ်မှူး မြင့်ဇော် (ခေါ်) ရှုပ်ထွေးဆိုသူ နိုဝင်ဘာလ ၃ ရက်နေ့ ည (၈) နာရီခွဲ အချိန်ခန့်က သေနတ်ဖြင့် အပစ်ခံရ ခြင်းဖြစ်ပြီး အသက်အန္တရာယ် စိုးရိမ်ရသည်ဟု ဒေသခံများက ပြောသည်။

သေနတ်ဖြင့် အပစ်ခံရသော စစ်ကောင်စီခန့် ရာအိမ်မှူး မြင့်ဇော် (ခေါ်) ရှုပ်ထွေး ဆိုသူသည် မလော့ ကျေးရွာ အုပ် စုရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ခေါင်းဆောင်တစ်ဦး ဖြစ်သည့်အပြင် စစ်ကောင်စီ ထောက် တိုင် အမာခံ သတင်းပေးတစ်ဦးလည်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

၎င်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နေအိမ်ခေါ်ကာ ထမင်းကျွေးခြင်း၊ သတင်းပေးခြင်း၊ စစ်တပ်နှင့် ပေါင်းကာ ဒေသခံများကို ဖမ်းဆီးငွေညှစ်ခြင်းများ လုပ်နေသဖြင့် ဧရာဝတီတိုင်း စစ်ဒေသခွဲ၏ နန်းထိုက်အောင် စစ်ဆင်ရေး အဖြစ် ပစ်ခတ်ရှင်းလင်းလိုက်ခြင်း ဖြစ်သည်ဟု ဘိုကလေးမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့က သတင်းထုတ် ပြန်ထားသည်။

“သတင်းပေး မြင့်ဇော်ကြောင့် အဖမ်းခံရတဲ့သူတွေ ရှိနေတယ်။ သူ့ကို ၅ ချက်တိတိ သေနတ်နဲ့ ပစ်ခဲ့တယ်။ ပစ် ခတ်မှုဖြစ်စဉ်ကို ဆောင်ရွက်ခဲ့တဲ့ တော်လှန်ရေး အဖွဲ့ဝင်တွေလည်း ဘေးကင်း လုံခြုံတဲ့ နေရာကို ပြန်လည် ရောက်ရှိသွားပြီ” ဟု ဧရာဝတီမြို့ပြ စစ်ဆင်ရေး တာဝန်ခံ က ပြောသည်။

ပြည်သူလူထုကို ဒုက္ခပေးပြီး စစ်ကောင်စီ နှင့် ပူးပေါင်းနေသည့် အုပ်ချုပ်ရေးမှူးများ၊ သတင်းပေးများ၊ စစ်ရေး စီးပွားရေး ထောက်တိုင်များကို ဆက်လက် တိုက်ခိုက်သွားမည် ဟု ဧရာဝတီမြို့ပြ စစ်ဆင်ရေး တာဝန်ခံ က ပြောသည်။

ဧရာဝတီတိုင်းအတွင်း မြို့ပြစစ်ဆင်ရေးအဖြစ် စစ်ကောင်စီ၏ ပစ်မှတ်အသီးသီးကို ယခုနှစ် ဇူလိုင်လမှ စတင် ကာ အရှိန်မြှင့် တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီ သတင်းပေးများကို ယခုအကြိမ် အပါအဝင် စုစုပေါင်း ၅၈ ကြိမ်ခန့် တိုက်ခိုက်ခဲ့ပြီး ဖြစ်သည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များ ၏ ပြောပြချက်အရ သိရသည်။