မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် ကလေးတွင် စစ်ကောင်စီ ၃ ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်။

ကလေး PDF မိုင်းအဖွဲ့မှ မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ၂ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်ဟု ကလေး PDF ဗဟိုက တာဝန်ရှိသူများက ပြော သည်။

ကလေးမြို့တွင်းမှ ကလေးမြို့နယ် တောင်ပိုင်း နည်းပညာတက္ကသိုလ် (GTC) ကျောင်းဝင်းဆီသို့ အင်အား ၈၀ ဝန်း ကျင်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများကို ကလေး PDF မိုင်းအဖွဲ့က ကြာသပတေးနေ့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ကလေး PDF မိုင်းအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက “GTC ကျောင်းဝင်းထဲကို သူတို့အရာရှိ တစ်ယောက် လာပို့တာ ပေါ့။ မြို့ကြီးကုန်းရွာနဲ့ GTC ကျောင်းဝင်းကြား အဆင်သင့် ထောင်ထားတဲ့ မိုင်းရှေ့မှာ သူတို့ရပ်နေကြတာ။ အဲ့ဒီ ချိန် မိုင်းဆွဲလိုက်တာ။ မိုင်းခွဲပြီး သူတို့အလောင်း ၃ လောင်း ထမ်းထွက်သွားတာ တွေ့လိုက်တယ်” ဟု ပြော သည်။

ထိုတိုက်ခိုက်မှုအတွင်း ပေါက်ကွဲမှုအပြီးတွင် စစ်ကောင်စီတပ်က ၅ မိနစ်ခန့်အကြာ နေရာအနှံ့ကို ရမ်းသန်း ပစ် ခတ်ခဲ့သော်လည်း ကလေး PDF မိုင်းအဖွဲ့က အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု တာဝန်ရှိသူ များက ပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရသည့် စစ်ကောင်စီစစ်ကြောင်းသည် ပြီးခဲ့သည့် အောက်တိုဘာလ ၃၁ ရက်နေ့က နည်း ပညာတက္ကသိုလ်ကျောင်းရှေ့တွင် မိုင်းဆွဲတိုက်ခိုက်ခံရ၍ ကျဆုံးသွားသော ၎င်းတို့ အရာရှိတစ်ဦးအတွက် အစားထိုးသည့် အနေဖြင့် ထပ်မံပို့ဆောင်လာသည့် စစ်ကြောင်း ဖြစ်သည်ဟု သိရသည်။

“ကျနော်တို့က နေရာအနှံ့ မိုင်းထောင်ထားသလို အဲဒီနေရာတွေမှာလည်း မိုင်းဆွဲဖို့လူက Ready စောင့်နေတာ။ သူတို့ကတော့ မိုင်းရှင်းမယ်ဆိုပြီး လာကြတယ်။ ဒီတခေါက် မိုင်းလာရှင်းမယ့်သူက နောက်တခေါက် ဘာမိုင်း ဆိုတာ ပြောပြလို့မရတော့ဘူးပေါ့။ Ready Made မိုင်းနဲ့ ရှေ့ထွက်မိုင်း နှစ်မျိုးပဲ သုံးရသေးတယ်။ ခန့်မှန်းလို့ မဖြစ် နိုင်တဲ့ နေရာတွေမှာ ရအောင် ထောင်ထားကြတာ” ဟု မိုင်းအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်ပြောသည်။

ထိုသို့ အောင်မြင်စွာ ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့သော်လည်း နည်းပညာတက္ကသိုလ်ဝင်းထဲတွင် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းချုပ်ထားသော အရပ်သား ၄ ဦးကိုမူ ယနေ့အချိန်ထိ ကယ်ထုတ်နိုင်ခြင်း မရှိခဲ့သည်ဟုလည်း ၎င်းက ပြောသည်။

ထို့ကြောင့် ၎င်းအရပ်သား ၄ ဦးမှာ ကလေးမြို့ လမ်းမကြီးဘေးတွင်ရှိသော အဖွဲ့စက် (ယခင် စစ်ကောင်စီ တပ် များ စပါးသိုလှောင်သည့်နေရာ) သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မိုင်းအဖွဲ့ထံမှ သိရသည်။

မိုင်းဆွဲတိုက်ခံရသည့် ထိုနေ့ နံနက်ပိုင်း ၁၁ နာရီခန့်တွင်လည်း ၎င်းတို့ အထိနာမှုကြောင့် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သေးသည်ဟု ဆိုသည်။ ထိုသို့ ရမ်းသန်းပစ်ခတ်မှုများကြောင့် ထောက် ကြန့်ကျေးရွာရှိ စပါးတိုက်နှင့် နွားစာတိုက်များပေါ်သို့ လက်နက်ကြီး ကျရောက်ခဲ့ပြီး အသက် ၇၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးလည်း ထိမှန် ဒဏ်ရာရရှိခဲ့သည်။

ကလေး PDF မိုင်းအဖွဲ့သည် ပြီးခဲ့သည့် အောက်တိုဘာလအတွင်း စစ်ကောင်စီတပ်များအား ၂ ကြိမ် ဖောက်ခွဲ တိုက်ခိုက်နိုင်ခဲ့ပြီး ထို ၂ ကြိမ်အတွင်း စစ်ကောင်စီတပ်သား ၆ ဦးခန့် သေဆုံးခဲ့သည်ဟု ကလေး PDF ဗဟို၏ ထုတ်ပြန်ချက်များ အရ သိရသည်။