ကျောင်းထိုင်ဆရာတော်တပါး ကားဖြင့် ကြွစဉ် စစ်ကောင်စီက ပစ်ခတ်သဖြင့် ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်။
စစ်ကောင်စီ၏ ပစ်ခတ်ကြောင့် ထားဝယ်ခရိုင် ရေဖြူမြို့နယ်အတွင်း ဆွမ်းစားကြွသည့် ကျောင်းထိုင်ဆရာတော် တစ်ပါး ကျည်ထိမှန်ဒဏ်ရာရသွားသည်ဟု ဒေသခံများက ပြောသည်။
ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ၊ မူးဒူးကျေးရွာအထွက် ထိန်ကြီးကျေးရွာအကြား ဒေသအခေါ် -ပုဇွန်အင်းတံတား အနီး ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ကားဖြင့် အာရုဏ်ဆွမ်းစားကြွသည့် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဓမ္မဝံသ စနေနေ့နံနက်က ထိမှန်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။
အသက် ၄၅ နှစ်အရွယ် နဘုလယ် ရွာသားတစ်ဦးက “ဝေလီဝေလင်း အချိန် သေနတ်သံ လေးငါးချက် ပစ်သံ ကြားရတယ်။ မနက်ရောက်မှ ဘုန်းကြီးကား ပစ်ခံရတာလို့ သိရတယ်။ ဘုန်းကြီးကားဆိုတာ မှားစရာမရှိပါ ဘူး။ ကားမှာ ကျောင်းနာမည်တွေ ရေးထားတာ အဝေးက မြင်တာနဲ့သိနေတာ။ သာသနာ့အလံလည်း တပ်ထား တာ” ဟု ပြောသည်။
အရှေ့မူးဒူး ဘုန်းတော်ကြီး ကျောင်းမှ ကျောင်းထိုင်ဆရာတော်မှာ ယာဉ်မောင်းတစ်ဦးနှင့်အတူ VIGO ကားဖြင့် ပရဒတ်ကျေးရွာ အလှူအိမ် တစ်အိမ်ကို အာရုဏ်ဆွမ်းစားကြွချိန်တွင် ထိမှန်ဒဏ်ရာ ရရှိသွားခြင်းဖြစ်သည်။
စစ်တပ်က မူးဒူးကျေးရွာအထွက်တွင် ဆရာတော်စီးနင်းလိုက်ပါလာသည့် ကားကို သေနတ်ဖြင့် ၆ ချက် ပစ်ခတ်ခဲ့ ခြင်းဖြစ်ပြီး ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ကျောင်းထိုင်ဆရာတော်၏ ဝဲဘက်ပေါင်တွင် ကျည်တချက် ထိမှန်ခဲ့ပြီး ယာဉ်မောင်းအမျိုးသားမှာ ထိခိုက်မှုမရှိခဲ့ဘူးဟု ရွာသားများက ပြောသည်။
လက်ရှိတွင် ပစ်ခတ်ခံရသည့် ကျောင်းထိုင်ဆရာတော်ကို ထားဝယ်မြို့ပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ် ဆေး ကုသမှု ခံယူနေရသည်ဟု ဒေသခံများက ဆိုသည်။
ထားဝယ်ခရိုင်အတွင်း စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင် ခရီးစဉ်လမ်းကြောင်းရှိသည်ဟု ဆိုကာ ထား ဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းနယ်မြေအတွင်း ကုန်လမ်း၊ ရေလမ်း ဝင်ပေါက် ထွက်ပေါက် လမ်းကြောင်းများ တွင် လုံခြုံရေးများ တိုးမြင့်ထားခြင်း ဖြစ်သည်။
နိုဝင်ဘာလ ၂ ရက်နေ့ ညနေပိုင်းမှစတင်၍ ဒေသအတွင်း အင်အားအလုံးအရင်းဖြင့် လုံခြုံရေးတိုးမြှင့်ချထားစဉ် ဆွမ်းစားကြွသည့် ကား ပစ်ခတ်ခံရခြင်း ဖြစ်သည်။