လက်နက်ကြီးကြောင့် ရေးတွင် ကလေးနှစ်ဦး အပါအဝင် ၃ ဦး ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်။
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်နှစ်ဦး အပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
ရေးမြို့နယ် ခေါဇာမြို့တွင် စစ်တပ်က ပစ်လိုက်သည့် လက်နက်ကြီးကျည် သောကြာနေ့ညပိုင်းတွင် ကျရောက်ပေါက်ကွဲမှုကြောင့် ကလေး ငယ် နှစ်ဦး အပါအဝင် ဒေသခံများ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
“စစ်ကောင်စီတပ်က တိုက်ပွဲမရှိပဲ ပစ်နေတာ။ နှစ်ညဆက်တိုက်ရှိနေပြီ။ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းပစ်နေတာ၊ ည (နိုဝင်ဘာ ၄ ရက်နေ့) ကတော့ ပြည်သူ ၃ ယောက် ထိခိုက်ဒဏ်ရာရသွားတယ်” ဟု ခေါဇာ ဒေသခံတစ်ဦး က ပြောသည်။
နိုဝင်ဘာလ ၄ ရက်နေ့ ညက လူနေရပ်ကွက်အကြား လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ရာ အသက် ၆ နှစ် အရွယ် ဒေသခံ ကလေးနှစ်ဦးနှင့် အသက် ၅၀ ဝန်းကျင်ရှိ ဒေသခံ အမျိုးသားတစ်ဦးတို့ ထိခိုက် ဒဏ်ရာရရှိခဲ့ ခြင်း ဖြစ်သည်ဟု ဒေသခံများ က ပြောသည်။
အဆိုပါ လက်နက်ကြီးကျည်ကို ခေါဇာမြို့အခြေစိုက် စစ်ကောင်စီတပ် ခလရ တပ်ရင်း (၃၁) က တိုက်ပွဲ တစ်စုံ တစ်ရာ ဖြစ်ပွားခြင်းမရှိပဲ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု လည်း ဒေသခံများက ပြောသည်။
ကျည်ထိမှန် ဒဏ်ရာရရှိသူများကို လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့များ၏ အကူအညီဖြင့် ရေးမြို့ဆေးရုံကြီးတွင် ပို့ဆောင်ထားရပြီး ဆေးကုသမှုခံယူနေရသည်ဟုလည်း နီးစပ်သူများက ပြောသည်။
စစ်ပက ယခုကဲ့သို့ လူနေရပ်ကွက်များထဲ လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး လူထိခိုက်မှုများပါ ရှိလာသည့် အတွက် ဒေသခံများအကြား စိုးရိမ်ကြောက်ရွံ့နေကြသည်။
ခေါဇာမြို့ခံအမျိုးသမီးတစ်ဦးက “ကျမတို့ နေ့ရော ညရော ကြောက်နေရတယ်။ အခြေအနေ မကောင်းရင် ထွက်ပြေးရမလား မသိတော့ဘူး” ဟု ပြောသည်။
ခေါဇာမြို့တွင် ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကလည်း ခေါဇာမြို့ ရဲစခန်း တိုက်ခိုက်ခံခဲ့ရသည့်အပြင် စခန်းမှူးနှင့် ရဲတပ်သားနှစ်ကိုလည်း ဒေသကာကွယ်ရေးတပ်ဖွဲ့တို့က ပစ်ခတ် ရှင်းလင်းခဲ့သည်။
ရေးမြို့နယ်အတွင်းက စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက မကြာခဏ ပစ်ခတ်ရှင်းလင်းလေ့ရှိသည့် အပြင် ဌာနဆိုင်ရာရုံးများ၊ ရဲစခန်းများနှင့် စစ်ဆေးရေးဂိတ်များကိုလည်း မကြာ ခဏ ဝင်ရောက်တိုက်ခိုက်လေ့ရှိသည်။