ကော့သောင်းတွင် ဘုရားပွဲ ကျင်းပရန် စစ်ကောင်စီက ဖိအားပေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်။
ကော့သောင်းတွင် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲ နေ့ဘက် လှည့်လည် ပူဇော်ခံရန် စစ်ကောင်စီက ဖိအားပေး ခိုင်းစေနေသည်ဟု ပွဲတော်ကျင်းပရေးကော်မတီဝင်များက ပြောသည်။
ကော့သောင်းမြို့တွင် ယခင်က နှစ်စဉ်ကျင်းပမြဲ ဖြစ်သည့် ကော့သောင်း နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကို ယခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့၊ တန်ဆောင်မုန်း လပြည့် ၁၅ ရက်နေ့ တနင်္လာနေ့တွင် နေ့ဘက် လှည့်လည်အပူဇော်ခံပွဲ မဖြစ်မနေ ကျင်းပရမည်ဟု ဂေါပကအဖွဲ့ကို စစ်ကောင်စီက ဖိအားပေးခိုင်းစေမှုများ ရှိနေသည်ဟု ပွဲတော်ကျင်းပရေး ကော်မတီဝင်တစ်ဦး က ပြောသည်။
နှစ်စဉ်မပျက် ကျင်းပလာခဲ့သော်လည်း COVID-19 ကပ်ရောဂါ နှင့် စစ်တပ်က အာဏာသိမ်းမှုတို့ကြောင့် ၂၀၂၀-၂၀၂၁ ခုနစ်တို့တွင် ရပ်နားထားခဲ့ရပြီး ၂ နှစ်ခန့် မကျင်းပဖြစ်ခဲ့သည့် နှစ်ကျိပ်ရှစ်ဆူပူဇော်ပွဲကို ပြန်လည်ကျင်းပရန် စစ်ကောင်စီက ဖိအားပေးစေခိုင်းနေခြင်း ဖြစ်သည်ဟု ပွဲကျင်းပရေး ကော်မတီထံက ပြောသည်။
အသက် ၅၀ ခန့်အရွယ် ရွှေဇင်ယော်ရပ်ကွက်သားတစ်ဦးက “တသက်နဲ့တကိုယ် တခါမှ မကြားဖူးပါဘူး။ တနိုင်ငံ လုံး နှစ်ကျိပ်ရှစ်ဆူ ပူဇော်ပွဲဆိုတာ ညဘက်ပဲ လှည့် အပူဇော်ခံခဲ့ကြတာ။ အခုက နေ့ဘက်ကြီး၊ တမင် ရိုးရာပွဲကို ဖျက်တာ။ လုပ်ချင်ရင်လည်း ရှေးအစဉ်အလာအတိုင်း ညဘက်ပဲလှည့်ပေါ့” ဟု ပြောသည်။
ကော့သောင်းမြို့တွင် ည ၁၂ နာရီ မှ နံနက် ၄ နာရီအထိ ညမထွက်ရ အမိန့်ထုတ်ပြန်ထားသည့် အကြောင်းပြချက် ဖြင့် ယခင်နှစ်များက ညဘက်မှသာ လှည့်လည်ပူဇော်ခံလေ့ရှိသည့် နှစ်ကျိပ်ရှစ်ဆူဘုရားများ မြို့တွင်း လှည့်လည် အပူဇော်ခံပွဲကို ယခုနှစ်တွင် နေ့ခင်းဘက် ပြောင်းရွှေ့ လှည့်လည်ကျင်းပရန် စစ်ကောင်စီက ဂေါပကအဖွဲ့ကို အတင်းအကြပ် စီစဉ်ခိုင်းခြင်း ဖြစ်သည်။
ကော့သောင်း နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတော် လှည့်လည်ပူဇော်ပွဲသည် နှစ်စဉ် တန်ဆောင်မုန်း လဆန်းပိုင်းမှ စတင် ကာ စံကျောင်းတော်ဖြစ်သည့် ကော့သောင်းမြို့ ပြည်တော်အေး သာသနာဗိမ္မာန်မှ မြို့ပေါ်ရပ်ကွက်များ နှင့် ကျေး ရွာများ၊ အသင်းအဖွဲ့ များက ပွင့်စဉ်အလိုက် မဲစနစ်ဖြင့် ပင့်ဆောင်ကြကာ မိမိတို့ ရပ်ကွက်/ကျေးရွာများတွင် သီ တင်းပတ် နှစ်ပတ်ခန့် ယာယီကိန်းဝပ်စံပယ် အပူဇော်ခံကာ ဗုဒ္ဓပူဇနိယ ပွဲတော်ကို ကျင်းပလေ့ရှိသည်။
ထို့နောက် တန်ဆောင်မုန်းလပြည့်ညတွင် ပွင့်စဉ်အလိုက် စီတန်းကာ မြို့တွင်းသို့ ဒေသစာရီ လှည့်လည် အပူဇော် ခံကြရာ ရပ်ကွက်အလိုက် ပြည်သူများမှ ဖူးမြော်ကြည်ညိုကြပြီး အလှူငွေများ လှူဒါန်းခြင်း၊ မီးရှူး မီးပန်းများ ပစ် ဖောက်ပူဇော်ခြင်း၊ စတုဒိသာအကျွေးအမွေးများဖြင့် တည်ခင်းကျွေးမွေး လှူဒါန်းခြင်းများဖြင့် တစ်မြို့လုံး ခြိမ့်ခြိမ့် သဲ စည်ကားလှသည်ဟု ကော့သောင်းမြို့ခံများက ပြောသည်။
ယခင်က နှစ်စဉ် မြို့တွင်းလှည့်လည် ပူဇော်ပွဲကို ညနေ ၃ နာရီ အချိန်တွင် ခလရ ၂၆၂ တပ်ရင်းအရှေ့မှ စတင် ထွက်ခွာလေ့ရှိသော်လည်း ယခုနှစ်ကျင်းပမည့် ပူဇော်ပွဲကိုမူ ၃ မိုင် ပြည်သူ့ရင်ပြင်မှ နံနက် ၈ နာရီတွင် စတင် ထွက်ခွာကြရမည်ဟု ဂေါပကအဖွဲ့က ကြော်ငြာထားသည်။
ယခုကဲ့သို့ အချိန်ပြောင်းလဲ သတ်မှတ်လိုက်ခြင်းကြောင့် ဘုရားများ ပူဇော်ခံပွဲ လှည့်လည်ရာ လိုက်ပါကြရမည့် ဥပါသကာ လူငယ်များနှင့် အသက်ဝါကြီးသူများမှာ လမ်းတလျှောက် အပူရှိန်ပြင်းသည့်ဒဏ်ကြောင့် ပင်ပမ်းပြီး ကျန်းမာရေးပြဿနာများ ကြုံတွေ့ရနိုင်သည်ဟု မြို့ဒေသခံများအကြား ဝေဖန်မှုများရှိနေသည်။
လက်ရှိတွင် နှစ်ကျိပ်ရှစ်ဆူ ဘုရားများ မလှည့်ခင် မဲစနစ်ဖြင့် ရပ်ကွက်အလိုက် မဏ္ဍပ်ဆောက် အပူဇော်ခံကြချိန် ရပ်ကွက်တချို့၌ ဘုရားကို အကြောင်းပြပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဂေါပကအဖွဲ့ဝင် အချို့က လောင်း ကစားဝိုင်းများပါ ပြုလုပ်လျက် ရှိနေသည်ဟုလည်း ကော့သောင်းမြို့ခံများက ပြောသည်။
ဓါတ်ပုံ – ၂၀၁၉ ခုနှစ်တွင် နောက်ဆုံးကျင်းပခဲ့သည့် ပုံဟောင်း