ကျီးလန့်စာစား နေထိုင်ရသည့် ရန်ကုန်မြို့မှ ပြည်သူများ
ဝေဟင်စိုး
ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ်၊ ၂၆လမ်း ကုန်သည်လမ်းထိပ်ရှိ အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေး ဆိုင်တစ်ဆိုင်တွင် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂ ရက် ည ၇ နာရီဝန်းကျင် အချိန်ခန့်က လူသုံးဦးက ဆိုင်အတွင်း ဝင်ရောက်လာပြီး ဆိုင်ရှင်ဖြစ်သူနှစ်ဦးအား ဓားနှင့်ထိုး၍ ငွေသိန်းရာချီအပါအဝင် ဖုန်းနှစ်လုံးနှင့် ကားသော့ကို လုယက်ယူဆောင်မှု ဖြစ်ပွားခဲ့သည်။
ထို့အတူ အောက်တိုဘာ နောက်ဆုံးပတ်အတွင်းကလည်း ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၌ နေထိုင်သော အသက် ၇၀ ကျော်အရွယ် အငြိမ်းစားကျောင်းဆရာမတစ်ဦးနှင့် ၎င်း၏ ခင်ပွန်းဖြစ်သူကို နေအိမ်အတွင်းသတ်ဖြတ်၍ ပစ္စည်းများယူဆောင်သွားသည့် နှစ်လောင်းပြိုင် လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့သည်။

အလားတူ ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်အတွင်း အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့်၍ ရေမြောင်းအတွင်းရှိ နွံထဲတွင် နှစ်သတ်ခဲ့၍ အလောင်းဖျောက်ဖျက်ခဲ့သည့် ဖြစ်စဉ်သည်လည်း လူထုအကြား စိုးရိမ်ထိတ်လန့်ခဲ့ကြသည်။
ယင်းသို့သော လူသတ်၊ မုဒိမ်းကျင့်မှုများအပါအဝင် အခြားသော ခိုးဆိုးလုနှိုက်များသည်လည်း ရန်ကုန်မြို့ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ခပ်စိတ်စိတ်ဖြစ်ပေါ်နေသော်လည်း ကိုင်တွယ် ဖြေရှင်းနိုင်ခြင်းမရှိသည်မှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့၏ ရဲလုပ်ငန်းစဉ်များနှင့် တရားဥပဒေစိုးမိုးရေး အလုံးစုံ ပျက်သုန်းနေသည်ကို မီးမောင်းထိုးပြနေခြင်းပင်ဖြစ်သည်။
ယင်းနှင့် ပတ်သက်၍ ဥပဒေပညာရှင်တစ်ဦးက “ စစ်ကောင်စီလက်ထက်မှာ နဂိုကတည်းက ယိမ်းယိုင်နေတဲ့ မြန်မာနိုင်ငံတရားစီရင်ရေးဟာ လုံး၀ အဖတ်ဆယ်မရတော့တဲ့ အဆင့်ကိုရောက်သွားပြီ။ ပြည်သူလူထုရဲ့ ထောက်ခံမှုကို လိုချင်တဲ့ စစ်ကောင်စီအနေနဲ့ ဒါတွေကို မဖြေရှင်းပေးနိုင်ဘူးဆိုရင်တော့ ပြစ်မှုကျူးလွန်တဲ့သူ တွေကလည်း တောမီးလောင်၊ တောကြောင်လက်မောင်းခတ်မယ့်အခြေအနေမျိုးပေါ့။” ဟု ထောက်ပြသည်။

တရားဥပဒေစိုးမိုးရေးဆိုသည်မှာ ဥပဒေလက်အောက်တွင် လူတိုင်းတန်းတူညီမျှ အကာအကွယ်ပေး ဆက်ဆံခံရခြင်း၊ ဥပဒေနှင့်တရားရုံးများအထက်တွင် မည်သူမျှမရှိခြင်း၊ အစိုးရအဖွဲ့အစည်းများနှင့် အရာရှိများက မည်သည့်အချိန်တွင်မဆို လူတိုင်းကို တန်းတူညီမျှစွာ ဆက်ဆံခြင်းဟု တရားဥပဒေစိုးမိုး ရေးစင်တာ (Rule of Law Center ) က အဓိပ္ပါယ် ဖွင့်ဆိုထားသည်ကို တွေ့ရသည်။
ယင်းအဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် စစ်ကောင်စီလက်ထက် တရားဥပဒေစိုးမိုးရေးမှာ များစွာကွဲပြားခြား နားနေသည်။ လက်ရှိတွင် စစ်ကောင်စီက ၎င်းတို့၏ စင်ပြိုင်နိုင်ငံရေးအတိုက်အခံဆောင်ရွက်သူများအပေါ်ကိုသာ ပစ်မှတ်ထားဖမ်းဆီးအရေးယူမှုများမှလွဲ၍ လူထုအကြားတွင် နေ့စဉ်ဖြစ်ပေါ်နေသော ရာဇဝတ်မှုများကို ဖမ်းဆီးအရေးယူနိုင်ခြင်း လုံးဝ(လုံးဝ) မရှိသည်ကို တွေ့မြင်ရသည်။
တရားဥပဒေစိုးမိုးမှု ချိနဲ့လာသည့်အပြင် ရဲလုပ်ငန်းစဉ်များ ပျက်သုန်းလာမှုအပေါ် အဝေးရောက် တော်လှန်ရေးအင်အားစုမှ ရဲဘော်တစ်ဦးက ယခုကဲ့သို့ သုံးသပ်ပြောဆိုထားသည်။
“ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ နိုင်ငံထဲမှာ ရာဇဝတ်မှုတွေ ပိုများလာတယ်။ ဘာကြောင့်လဲဆိုရင် စစ်တပ်က သူတို့ရဲ့အာဏာကို ခြိမ်းခြောက်နိုင်တဲ့ သူတွေ၊ သူတို့ကို ဆန့်ကျင်တဲ့သူတွေ ဥပမာဗျာ… မြို့ပြပျောက်ကျားအဖွဲ့တွေ၊ ဆန္ဒပြတဲ့သူတွေနဲ့ တက်ကြွလှုပ်ရှားတဲ့ သူတွေကိုဘဲ အဓိက အရေးယူဖမ်းဆီးတာမျိုးတွေဘဲ လုပ်နေတယ်။ ပြီးတော့ စစ်ကောင်စီလက်ထက်မှာ ရဲတပ်ဖွဲ့ရဲ့ လုပ်ငန်းစဉ်တွေအကုန်လုံးပျက်ဆီးကုန်ပြီလို့ပြောလို့ရတယ်။ နောက်တစ်ခုက ခိုးဆိုးလုနှိုက်တွေကို ခွင့်ပြုထားတဲ့ ပုံစံမျိုးတောင်တွေ့ရတယ်။ သူတို့ကို ထောက်ခံတဲ့ သတင်းပေးတွေဆိုရင် အိမ်မှာ စီးပွားဖြစ် ဖဲဝိုင်းထောင်တာမျိုးတွေ ရှိတယ်။ အချို့လောင်းကစားတွေ၊ ရာဇဝတ်မှုတွေကို ပိုက်ဆံယူပြီးခွင့်ပြုထားတာ တွေကို အမြဲတမ်းကြားသိနေရတယ်။ နောက်တစ်ခုက ဒီလို ခိုးဆိုးလုနှိုက် ဓားပြတိုက်တာတွေက သူတို့ရဲ့ အာဏာတည်မြဲမှုကို တိုက်ရိုက်မထိခိုက်ဘူးလို့ ယူဆလို့လားမသိဘူး အရေးတယူနဲ့ စုံစမ်းပြီးတော့ လိုက်တာမျိုးမတွေ့ရဘူး။ အဲ့ဒီအတွက် ဒုစရိုက်မှုကျူးလွန်သူတွေက ပိုပြီးတော့ အတင့်ရဲလာတယ်။” ဟု ထောက်ပြသည်။
စစ်ကောင်စီလက်ထက် တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံသည် တရားဥပဒေစိုးမိုးရေး ညွှန်းကိန်း စစ်တမ်းတစ်ခုအရ နိုင်ငံပေါင်း ၁၄၀ အနက် အဆင့် ၁၃၂ နိုင်ငံမြောက် ဖြစ်ကြောင်း စိတ်ပျက်ဖွယ် တွေ့ရှိရသည်ဟု အမေရိကန်အခြေစိုက် ကမ်ဘာတရားမျှတရေးအစီအစဉ်အဖွဲ့(World Justice Project -WJP) ၂၀၂၂ ခုနှစ် အောက်တိုဘာ ၃၀ ရက်ထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းအစီရင်ခံစာသည် နိုင်ငံအစိုးရများ၏ လုပ်ပိုင်ခွင့်အာဏာကို ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်မှု၊ အဂတိကင်းစင်မှု ၊ တရားမမှုများနှင့် ရာဇဝတ်မှုစသည့်အချက်များကို လေ့လာပြီး နှစ်စဉ် ထုတ်ပြန်ပေး နေခြင်းဖြစ်သည်။ နှစ်နှစ်ကျော် အာဏာသိမ်းထားသည် စစ်ကောင်စီလက်ထက် တရားဥပဒေစိုးမိုးရေး၌ အလွန်အားနည်းနေသကဲ့သို့ ရာဇဝတ်ဖြစ်ပွားမှုနှုန်းမှာလည်း မြင့်တက်လာနေသည်ကိုတွေ့ရသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရဲလုပ်ငန်းစဉ်လေးရပ်အနက် တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး ဆိုသည်မှာလည်း ပျက်သုန်းနေပြီဟုလည်း ဆိုနိုင်သည်။ ဒုစရိုက်ကျူးလွန်မှုများပြားလာခြင်းသည် အဖက်ဖက်ကပြိုလဲကျဆင်းလာသော နိုင်ငံ့စီးပွားရေးအခန်းကဏ္ဍသည်လည်း အရေးပါကြောင်း တက်ကြွလှုပ်ရှားတစ်ဦးကလည်း သူ၏ ရှု့မြင်ပုံကို ပြောသည်။
“စစ်အာဏာသိမ်းပြီးနောက်မှာ နိုင်ငံက အဖက်ဖက်က ပြိုလဲဆုတ်ယုတ်လာတယ်ပေါ့နော်။ ဒီအထဲမှာ စီးပွားရေးကလည်း အရေးကြီးတဲ့ ကဏ္ဍအနေနဲ့ ပါတယ်ဆိုတော့ နေ့စဉ် လူထုသည် စီးပွားရေးခက်ခဲလာ တာနဲ့အမျှ ခိုးမှုတွေ လုယက်မှုတွေ ဒါတွေက ပေါများလာတယ်။ ဒီလိုပေါများလာတဲ့ အပြင်ကို တဖက်မှာလည်း တရားဥပဒေအရ ကျူးလွန်ခံရတဲ့ သူတွေ ဘယ်ကိုတိုင်လို့ တိုင်ရမှန်းမသိ စစ်တပ်ကိုယ်တိုင်က မင်းမဲ့စရိုက်တွေ လုပ်နေတာဆိုတော့ လူထုက အားကိုရာမဲ့နေတဲ့ အခြေအနေပေါ့။ စစ်တပ်အာဏာသိမ်းထားတဲ့ တစ်လျှောက် ရာဇဝတ်မှုတွေလည်း တိုးလာမယ်။ တရားရေးဘက်မှာလည်း စစ်တပ်ကိုယ်တိုင်တရားရေးကို အသုံးချပြီးတော့ လူထုကို မတရားတဲ့ ဖမ်းဆီးမှုတွေ ုပုဒ်မတွေတပ်ပြီးတော့ လုပ်နေတာပေါ့လေ။ တရားစီရင်မှုကို စစ်တပ် ကိုယ်တိုင် လုပ်ချင်တာတွေ လုပ်နေတဲ့ အခါမှာ လူထုက အားကိုးရာမဲ့လာတယ်။” ဟု ထောက်ပြ ပြောဆိုသည်။

ထို့အပြင် စစ်ကောင်စီလက်ထက် လွတ်ငြိမ်းခွင့်ပေးရာတွင် လက်ရဲဇက်ရဲ၊ လုပ်ရဲကိုင်ရဲ ၊ လက်စခြေစ ၊ သေမထူး နေမထူးများ ပါလာသည့်အပြင် အာဏာသိမ်းမှုကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာသော စီးပွားရေးကျဆင်းမှု၊ အလုပ်အကိုင်ရှားပါးလာမှုများကြောင့် ယခင် လမ်းဟောင်းအတိုင်း ဒုစရိုက်လုပ်ငန်းများကို ပြန်လည် လုပ်ကိုင်လာကြသည်ဟု ယူဆကြောင်း အဝေးရောက်တော်လှန်ရေးရဲဘော်တစ်ဦးက ထပ်မံထောက်ပြသည်။
“ ပြည်တွင်းမှာ စစ်ကောင်စီက သူအာဏာကို မထိန်းနိုင်ရုံတင်မကဘူး။ စီးပွားရေးတည်ငြိမ်အောင်လည်း မလုပ်နိုင်ဘူး။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ တိုင်းပြည်ရဲ့ စီးပွားရေးက ဆိုးဆိုးရွားရွား အနှုတ်လက္ခဏာ ပြလာတယ်။ ပြည်တွင်းမှာ ငွေကြေးဖောင်းပွမှုတွေလည်း များလာတယ်။ ဒါ့ကြောင့် လူထုက စားဝတ်နေရေးအဆင်မပြေကြတော့ဘူး။ လူဆိုတာကတော့ သူရှင်သန်ဖို့အတွက် သူကြိုးစားမှာဘဲ။ ရွေးချယ်စရာမရှိလို့ ဓားပြတိုက်ရတာမျိုးလည်း လုပ်လာနိုင်တယ်။ အဲ့ဒီအပေါ် အားပေးအားမြှောက် ဖြစ်စေတာက ဥပဒေစိုးမိုးမှု အားနည်းတာရယ်။ ရဲလုပ်ငန်းစဉ်ပျက်သွားတာတွေနဲ့ ပတ်သက်ဆက်နွယ်နေတယ်။ ပြီးတော့ ထောင်ကနေ လွှတ်ပေးလိုက်တဲ့ အထဲမှာလည်း ဒုစရိုက်မှုကို ကျူးလွန်ဖူးတဲ့ သူတွေ ၊ ဒုစရိုက်မှုတွေနဲ့ဘဲ အသက်မွေးတယ်လို့ ပြောလို့ရတဲ့ သူအချို့လည်း လွှတ်ပေးလိုက်တယ်။ အပြင်ရောက်လာတဲ့ အခါ ဘာမှမလုပ်တတ်တော့ အရင်အလုပ်တွေကိုဘဲ ပြန်လုပ်လာကြတယ်။ ဒါတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုရင် တရားဥပဒေစိုးမိုးမှုကို ပြန်အားကောင်းအောင်လုပ်ရမယ်။ ဒီလိုလုပ်ဖို့အတွက်ဆိုတာကလည်း လူထုထောက်ခံမှု လိုအပ်တယ်။ လူထုမပါဘဲ ဥပဒေစိုးမိုးမှုကို လုပ်မယ်ဆိုတာရင်တော့ ဒါက ခက်ခဲနေဦးမယ်လို့ မြင်ပါတယ်။” ဆိုသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးမှု အခြေအနေမှာ “ စိုးရိမ်ရေမှတ်” သို့ ရောက်ရှိပြီဖြစ်ကြောင်း ဥပဒေပညာရှင်တစ်ဦးကလည်း မှတ်ချက်ပြုပြောသည်။ ရဲလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးကဏ္ဍများ အားနည်းတိမ်းစောင်းလာပါက ကျူးလွန်သူကို ကိုယ်တိုင်လက်တုံ့ပြန်သည့် မင်းဆိုးမင်းညစ်လက်ထက် လူထုတရားစီရင်မှုမျိုးပေါ်ပေါက်လာပါက ထိန်းသိမ်းရန်ခက်ခဲလာမည့် အခြေအနေမျိုးဖြစ်လာနိုင်ဖွယ်ရှိသည် ဟု သတိပေးသည်။

“စစ်ကောင်စီလက်ထက်မှာ ရဲတပ်ဖွဲ့ရဲ့အရေအတွက်နဲ့ အရည်အချင်းတွေပါ အားနည်းနေတာတွေ့တယ်။ စစ်ကောင်စီရဲ့တရားစီရင်ရေးစနစ်အပေါ်မှာ ပြည်သူက ယုံကြည်မှုပျက်ပြားလာရင် ကိုယ့်တရားကိုယ်စီရင် တဲ့ အခြေအနေအထိ ဖြစ်လာနိုင်တယ်။” ဟု ပြောသည်။
လက်ရှိအချိန်တွင် လူထုကအမှုအခင်းဖြစ်ပါက ရဲစခန်းတိုင်ကြားသော်လည်း လွယ်လွယ်ကူကူအမှု မဖွင့်ပေးခြင်း၊ တရားစွဲဆိုရန်ကြန့်ကြာခြင်းနှင့် ကျူးလွန်သူကို ဖမ်းဆီးပေးခြင်းအားနည်းနေသည့်အတွက် သွားရောက်တိုင်ကြားရန်ပင် ဝန်လေးနေကြသည်များလည်း ရှိနေသည်။
တရားဥပဒေစိုးမိုးရေး၊ ရဲတပ်ဖွဲ့လုပ်ငန်းစဉ်ပျက်သုန်းသွားခြင်းနှင့်ပတ်သက်၍ ရန်ကုန်တိုင်း၊ မြို့နယ်တစ်ခုရှိ အမည်မဖော်လိုသည့် ရဲတပ်ဖွဲ့နယ်ထိန်းတာဝန်ခံ တစ်ဦးက “တရားဥပဒေစိုးမိုးမှု ပျက်ဆီးနေတာက အဘတွေလက်ထက်မှ မဟုတ်ပါဘူး။ ခေတ်အဆက်ဆက် ဖြစ်နေတာကြာပြီ။ ရဲလုပ်ငန်းစဉ် ပျက်တာလည်း ကြာပြီ။ အခုဆို ပိုဆိုးပေါ့။ ရပ်ရွာလုံခြုံရေးက အရင်လိုဆိုင်ကယ်နဲ့လည်း မပတ်ရဲဘူး။ ရာဇဝတ်မှု ကျူးလွန်တဲ့ သူတွေကိုမိဖို့ဆိုရင် ပြည်သူနဲ့ ရဲတပ်ဖွဲ့ပူးပေါင်းဆောင်ရွက်မှရမယ်။ အခုပြည်သူ့ ချဉ်ပတ်ဖြစ်နေတော့ ဘယ် ပြည်သူကမှလည်း မကူညီဘူး။ စစ်တပ်နဲ့ ရောပြီး ကင်းပတ်နေရတာဘဲရှိတယ်။ ရဲက ရဲအလုပ်မလုပ်ရဘူး။” ဟု ငြီးတွားပြောဆိုသည်။

ထို့ကြောင့် မိမိ၏ မိသားစုဝင်များသာမက ရပ်ရွာအတွင်း အချင်းချင်းစည်းလုံးညီညွှတ်စွာ တစ်ဦးနှင့် တစ်ဦး ဖေးဖေးမမ ရိုင်းပင်ကူညီခြင်းဖြင့် ကာကွယ်စောင့်ရှောက်သင့်သည်ဟု အကြမ်းဖက်တိုက်ဖျက်ရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ထောက်ပြသည်။
“ စီးပွားရေးကြပ်တည်းလာတာနဲ့အမျှ ရာဇဝတ်မှုတွေတိုးလာမယ်။ တိုင်ကြားဖို့လည်း ခက်ခဲလာတယ်။ ဒါတွေ လျှော့ချဖို့ဆိုရင် အချင်းချင်းကြားထဲမှာ စည်းစည်းလုံးလုံး နေဖို့၊ အချင်းချင်း ကာကွယ်စောင့်ရှောက်မှုတွေ လုပ်ဖို့ဆိုတာတွေကို သတိပေးနေရမယ်။ ဒီကာလက ကိုယ့်ကိုကိုယ်ကာကွယ်စောင့်ရှောက်နိုင်ဖို့က အရေးကြီး တယ်လို့ပြောရမယ်။ ဘယ်သူမှ အုပ်ချုပ်ခွင့်မရဆိုတဲ့ နေရာမှာ အားကိုးရာမဲ့နေတာကြောင့် ကိုယ့်ဒေသ ကိုယ်ရပ်ရွာကို စောင့်ရှောက်နိုင်ရမှသာ ကျူးလွန်သူတွေ လက်တွန့်သွားမှာဖြစ်တယ်။” ဟု ဆိုသည်။
စစ်ကောင်စီ အုပ်ချုပ်သည့် ကာလအဆက်ဆက် လူဆိုးလူမိုက်များကို အကျဉ်းထောင်များအတွင်းမှ လွှတ်ပေး၍ ပြည်သူနှင့် ထိပ်တိုက်တွေ့စေခြင်းများ၊ ရာဇဝတ်မှုကျူးလွန်ခြင်းများကို မသိကျိုးကျွံပြုနေခြင်းသည် ပြည်သူလူထုကို သွယ်ဝိုက်သောနည်းလမ်းဖြစ် စိန်ခေါ်နေခြင်းဖြစ်သည်ဟု အငြိမ်းစား ရဲဝန်ထမ်းဟောင်းတစ်ဦးက ဆိုသည်။
“ သူတို့အစိုးရအဖွဲ့ကို ပြည်သူက လက်မခံ တွန်းလှန်နေတာကြောင့် သူတို့ကလည်း ရာဇဝတ်သားနဲ့ ပြည်သူထိပ်တိုက်ပေးတွေစေတာဘဲ။ ဘာ့ကြောင့်ဆိုတာ ခင်ဗျားတို့ဘဲ စဉ်းစားကြည့် အဖြေပေါ်လာမှာပါ” ဟု ပဟေဌိ ဆန်ဆန် မေးခွန်းထုတ် ပြောကြားသည်။