ငါးစက်ရုံရှိ ကန်အတွင်း အလုပ်သမား တစ်ဦး ပြုတ်ကျရာ ကယ်ဆယ်သူ ၄ ဦးပါ အတူ သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်။

မြိတ်(ဘိတ်)မြို့ ငါးအမှုန့်ကြိတ်စက်ရုံတွင် ငါးအနံ့ ဆိုး ကန်အတွင်း လူတစ်ဦး ပြုတ်ကျသွားပြီး နောက် ကယ်ဆယ်သူ ၄ ဦး နှင့်အတူ စုစုပေါင်း လူ ၅ ဦး သေဆုံးမှု ဖြစ်ပွားခဲ့သည်ဟု စက်ရုံအလုပ်သမားများက ပြောသည်။

အဆိုပါ သေဆုံးမှုသည် တနင်္သာရီတိုင်း မြိတ်မြို့ အင်းလေးမြိုင်ရပ်၊ စက်မှုဇုံရှိ ဗဲင်(န်)တေ့ချ်ကုမ္ပဏီတွင် နိုဝင်ဘာလ ၁၃ ရက်နေ့၊ ည ၇ နာရီခွဲ အချိန်ခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အသက် ၃၅ နှစ်အရွယ် ကုမ္ပဏီဝန်ထမ်းတစ်ဦးက “ကန်ကလူနှစ်ရပ်လောက်နက်တာ၊ ကန်ထဲမှာက ငါးပုပ် အရည်တွေနဲ့ ငါးတွေရောနေတာဆိုတော့ အနံ့ကဆိုးတာပေါ့။ အောက်ဆီဂျင်ကမရှိဘူး။ အသက်ရှူ ကိရိယာ မပါပဲ ဆင်းကယ်တော့ ဒုက္ခရောက်ကုန်ကြတာ” ဟု ပြောသည်။

အနံ့ဆိုး ကန်အတွင်းသို့ ပြုတ်ကျသွားသူ ကိုညီဇော်အား ကူညီကယ်ဆယ်ပေးသူ ၄ ဦး အပါအဝင် လူ ၅ ဦး အသက်ရှူကြပ်ကာ သေဆုံးခဲ့ခြင်း ဖြစ်သည်။

နေ့စား ညဆိုင်း ကုမ္ပဏီဝန်ထမ်းဖြစ်သူ ကိုညီဇော် ငါးပုံးဆွဲရင်း မူးမေ့ကာ ငါးပေါင်းကန်တွင်းသို့ လိမ့်ကျသွား သည်ကို အခြားဝန်ထမ်းများဖြစ်ကြသည့် ကိုဇော်သူ၊ ကိုသက်နိုင်ဟိန်း၊ ကိုထွန်းပိုင်ခက်နှင့် ကိုဝင်းလှထွန်းတို့ ၄ ဦး က တစ်ဦးပြီး တစ်ဦး ကန်တွင်းသို့ ဆင်းကယ်ခဲ့ရာမှ အသက်ရှူကြပ်ပြီး သေဆုံးသွားခြင်း ဖြစ်သည်ဟု ကုမ္ပဏီဝန်ထမ်းများ က ပြောသည်။

အဆိုပါကန် အတွင်းမှ သေဆုံးသွားသူများအား ပရဟိတ အသင်းအဖွဲ့များက ကူညီဆယ်ယူပြီး အလောင်းများကို အရေးပေါ် လူနာတင်ယာဥ်များဖြင့် မြိတ်ပြည်သူ့ဆေးရုံကြီးသို့ သယ်ယူသွားသည်ဟု ဒေသခံများက ပြောသည်။

ကယ်ဆယ်ရေးလုပ်ငန်းများအား မြိတ်မြို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့(ဗဟို) နှင့် လူမှုရေးအသင်းအဖွဲ့များဖြစ်သည့် ကရုဏာနာရေးကူညီမှုအသင်း၊ ချမ်းမြေ့ ကျန်းမာရေး အထောက်ကူပြု အသင်း၊ ပါရမီ နာရေးကူညီမှု အသင်း၊ ချစ်ကြည်ရေးပရဟိတအသင်း၊ ပရဟိတ ကာရီနာရေး ကူညီမှုအသင်း၊ အောင်မင်္ဂလာကျန်းမာရေး အထောက် အကူပြုအသင်းတို့က ကူညီဆောင်ရွက်ခဲ့ကြသည်ဟု ကုမ္ပဏီဝန်ထမ်းများက ပြောသည်။