ဘုရားသုံးဆူတွင် ရွှေဆိုင် ဓါးပြတိုက်ခံရ၊ ဆိုင်ရှင်၏ သားဖြစ်သူ ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်။
ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ရှိ ရွှေဆိုင်တစ်ဆိုင် ဓါးပြတိုက်ခံရပြီး ဆိုင်ရှင်သား သေနတ်ထိမှန်ဒဏ်ရာ ရရှိခဲ့သည်ဟု မြို့ခံများ က ပြောသည်။
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ မြို့မစျေးရှေ့က သစ်ဆန်းယဥ် ရွှေဆိုင်ကို နိုဝင်ဘာ ၁၃ ရက်နေ့၊ ညနေ ၅ နာရီကျော် အချိန်ခန့် က မျက်နှာအုပ်ထားပြီး ဦးထုပ်ဆောင်းထားသူ တစ်ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ဆိုင်ထဲဝင်၍ သေနတ် ပစ်ဖောက် ဓါးပြတိုက်သွားခဲ့ခြင်း ဖြစ်သည်။
ဆိုင်အတွင်း သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ဆိုင်ပိုင်ရှင်၏ သားဖြစ်သူ ဒဏ်ရာရရှိသွားကာ ငွေကျပ်သိန်း ၆၀ ခန့် ပါသွားသည်ဟုလည်း နီးစပ်သည့် မြို့ခံတစ်ဦးက ပြောသည်။
“ကျပ်သိန်း ၆၀ လောက် ပါသွားတယ်၊ ရွှေတော့ ပါမသွားဘူး၊ ဆိုင်သိမ်းနေပြီးဆို တော့ ရွှေတွေ အကုန်သိမ်း ထားပြီးပြီ။ ပိုက်ဆံတွေပဲ ရှိနေတော့ ပိုက်ဆံတွေပဲ ပါသွားတယ်။ ဆိုင်ရှင်ရဲ့သားက တော့ သေနတ်ထိသွားတယ်” ဟု ပြောသည်။
သစ်ဆန်းယဥ် ရွှေဆိုင်သည် ရွှေအရောင်းအဝယ် ပြုလုပ်နေသည့်အပြင် ငွေလဲသည့်လုပ်ငန်းကိုလည်း လုပ် ဆောင်နေကြောင်း ဓါးပြတိုက်ခံရချိန်တွင် ဆိုင်ထဲတွင် ဆိုင်ရှင်များအပြင် အခြားသူ နှစ်ဦးလည်း ရှိနေသည်ဟု အဆိုပါ မြို့ခံက ပြောသည်။
ရွှေဆိုင် ဓါးပြတိုက်သွားသူသည် လက်ရှိအချိန်ထိ ထွက်ပြေးလွတ်နေဆဲဖြစ်ပြီး ဖမ်းဆီးရမိနိုင်ရေးအတွက် သက်ဆိုင်ရာကနေ စုံစမ်းရှာဖွေမှုများ ပြုလုပ်နေသည်ဟုလည်း မြို့ခံများက ပြောသည်။
ဘုရားသုံးဆူမြို့တွင် ခိုးမှု၊ လုယက်မှုများ မကြာခဏ ဖြစ်ပွားနေသည်ဟု မြို့ခံများ၏ ပြောပြချက်အရ သိရသည်။