ပုလောမြို့နယ်အတွင်း စစ်ကောင်စီက စတုတ္တအကြိမ်မြောက် ဒရုန်းဖြင့် တိုက်ခိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်။

တနင်္သာရီတိုင်းဒေသကြီးထဲက ပုလောမြို့နယ်အတွင်း စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ ဒေသခံရွာသား လင်မယားနှစ်ဦး ဗုံးဆံထိမှန်ပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ သည်ဟု ရွာသားများက ပြောသည်။

ယခု တိုက်ခိုက်မှုမှာ ပုလောမြို့နယ်အတွင်း စစ်ကောင်စီ လက်အောက်ခံ ခလရ ၂၈၅ တပ်ရင်း၏ ၄ ကြိမ်မြောက် ဒရုန်းဖြင့် တိုက်ခိုက်မှု ဖြစ်သည်။

ကဒဲကျေးရွာ စာသင်ကျောင်းအနီးတွင် ကျရောက်ပေါက်ကွဲခဲ့သော်လည်း ကျောင်းပိတ်ထားသည့် အတွက် ကျောင်းသူ/သားများ ထိခိုက်မှု မရှိဟု ဆိုသည်။

“PDF တွေ ရှိလိမ့်မယ်အထင်နဲ့ နေရာမှားချတာ ဖြစ်မယ်။ ကလေးတွေကျောင်းက ပိတ်ထားတာမို့ တော်သေးတာ” ဟု အသက် ၅၀ နှစ်အရွယ် ကဒဲရွာသားတစ်ဦး က ပြောသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ၁၁ နာရီခွဲ အချိန်ခန့် က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

စစ်တပ်၏ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ဗုံးပေါက်ကွဲမှုအတွင်း ဆိုင်ကယ်နှင့် ဈေးရောင်းရန်လာသူ လင်မယား ၂ ဦးကို ဗုံးအစများ ထိမှန်ကာ အမျိုးသမီးဖြစ်သူမှာ ခန္ဓာကိုယ်နှင့် ဘယ်ဘက်မျက်လုံး ထိခိုက်ခဲ့ပြီး အသက်အန္တရယ်ပါ စိုးရိမ်ရသည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် အမျိုးသားဖြစ်သူမှာလည်း ညာဘက်လက်က လက်သူကြွယ် ပြတ်သွားသည်ဟု ဆိုသည်။

ထိခိုက်ဒဏ်ရာရရှိသူ နှစ်ဦးကို အရေးပေါ် ဆေးကုသမှုခံယူနိုင်ရန် ပုလော တိုက်နယ်ဆေးရုံမှ တဆင့် မြိတ်ဆေးရုံကြီးသို့ အရေးပေါ်လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ပေးလိုက်သည်ဟု ဒေသခံများက ပြောသည်။

ပုလောဒေသအတွင်း စစ်ကောင်စီဘက်မှ ထိုးစစ်ဆင်မှုများအပြင် ယခုကဲ့သို့ ဒရုန်းအသုံးပြု တိုက်ခိုက် ခြင်းမှာ ၄ ကြိမ်မြောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာလတွင်လည်း KNU ထိန်းချုပ်နယ်မြေ အတွင်းရှိ KPDF စစ်ဆေးရေးဂိတ်အား စစ်ကောင်စီတပ်ဘက်မှ ၂ကြိမ်၊ ကျောင်းနိမ့်ကျေးရွာသို့ တစ်ကြိမ်အပါအဝင် စုစုပေါင်း ၃ ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ ပါသေးသည်။

ပုလောမြို့နယ်အတွင်း ယခု နိုဝင်ဘာ ပထမပတ်မှ စတင်၍ စစ်ကောင်စီတပ်ဖွဲ့များနှင့် ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များ အကြား အကွက်စိပ်စိပ် မကြာခဏ တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီ ဘက်မှ ထိခိုက်ကျဆုံးသူ များပြားခဲ့သည်ဟု ဒေသခံများနှင့် ဒေခသံ PDF တပ်ဖွဲ့ တာဝန်ရှိသူ က ပြော သည်။

ထို့အပြင် ပုလောမြို့နယ် အတွင်းရှိ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကလည်း စစ်ရေးအရှိန် တိုး မြင့် ဆောင်ရွက်သွားမည်ဟု ကြေငြာထားပြီး မြိတ် – ထားဝယ် သွား ပြည်ထောင်စု ကားလမ်းမကြီး ကို လက်ရှိအချိန်တွင် ဖြတ်သန်းသွားလာ အသုံးပြုခြင်း မပြုလုပ်ကြရန် လူထုကို မေတ္တာရပ်ခံထားသည်။