NUG ကျောင်း၏ အွန်လိုင်း ကျောင်းသား ၁၂ ဦး ဖမ်းခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်။

ဧရာဝတီတိုင်းအတွင်းက ဖယ်ဒရယ် ပညာရေး ကျောင်းတက်နေသည့် ကလေး ၁၂ ဦး ဖမ်းဆီးခံရသည်ဟု ဒေသခံများနှင့် ရဲတပ်ဖွဲ့နှင့် နီးစပ်သူများက ပြောသည်။

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်အတွင်း အွန်လိုင်းမှ ပို့ချသင်ကြားပေးသည့် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ဖယ်ဒရယ် အခြေခံ ပညာရေးကျောင်းကို တက်ရောက်နေသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသူ/သား ၁၂ ဦးကို စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက ဖမ်းဆီးထားခြင်း ဖြစ်သည်။

“ခလေးမကို ဖမ်းတုန်းက သိမ်းယူထားတဲ့ ဖုန်းထဲက အကောင့်တွေကနေ တဆင့် စာပို့ ဆက်သွယ်ပြီး လိုက်ဖမ်း နေတာ” ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦး က ပြောသည်။

ပုသိမ်ခရိုင် အတွင်းရှိ ပုသိမ်မြို့နယ် နှင့် ငပုတောမြို့နယ် အတွင်းက အသက် ၁၅ နှစ် နှင့် ၁၆ နှစ် အရွယ်ရှိ ကျောင်းသူ ၃ ဦးနှင့် ကျောင်းသား ၉ ဦးကို စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက နိုဝင်ဘာလ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့ အထိ ၃ ရက်ဆက်တိုက် ဖမ်းခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ နှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။

အသက် ၁၅ နှစ် နှင့် ၁၆နှစ် အရွယ် အထက်တန်း ကျောင်းသူ/သားများကို စစ်ကောင်စီ၏ စရဖ (စစ်ဖက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့)၊ SB (သတင်းရဲတပ်ဖွဲ့/သတင်းရဲ အထူးတပ်ဖွဲ့)နှင့် ဒန(ဒုစရိုက်နှိမ်နှင်းရေးတပ်ဖွဲ့) တို့က စုံစမ်း ထောက်လှမ်းကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု နီးစပ်သူများက ပြောသည်။

အွန်လိုင်းမှ သင်ကြားပေးနေသည့် ပြည်တွင်းပြည်ပ ဘာသာရပ်ဆိုင်ရာ ပညာရေးကျောင်းများနှင့် သင်တန်းများ ကို တက်ရောက် သင်ယူနေသည့် ကျောင်းသူ/သား အများအပြား ရှိနေပြီး ထိုကျောင်းများ၌ တက်ရောက်သူများ ကို ဖမ်းဆီး အပြစ်ပေးရန် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ကျင့်ထုံးများ မရှိ ဟု ဥပဒေ အထောက်အကူပြု အဖွဲ့ဝင် အချို့ က ပြောသည်။

“ပညာသင်ကြားခွင့်ဟာ လူတိုင်းရဲ့ မွေးရာပါ လူ့အခွင့်အရေးပါ။ ကိုယ်ကံကြမ္မာ ကိုယ်ရွေးချယ် ဖန်တီးနိုင်တဲ့ အခွင့်အရေး ဒီလို ပိတ်ပင်တယ်၊ တားဆီးတယ်၊ ဖမ်းဆီးတယ် ဆိုတာ လူ့အခွင့်အရေးကို ပြောင်ပြောင်တင်း တင်း ချိုးဖေါက်နေတာ” ဟု ဧရာဝတီတိုင်းအတွင်းက လူအခွင့်အရေး တက်ကြွ လှုပ်ရှားသူများ ကွန်ရက် အဖွဲ့ဝင် တစ်ဦး က ပြောသည်။

အသက် ၁၈ နှစ်ပင် မပြည့်သေးသည့် ကလေးငယ်များကို ဖမ်းဆီး ချုပ်နှောင်ခြင်းမှာလည်း ကလေးသူငယ် ဆိုင် ရာ အခွင့်အရေး ဥပဒေ နှင့် မညီညွတ်ခြင်းကြောင့် ဖမ်းထားသည့် ကလေးများကို အုပ်ထိန်းသူ မိဘများထံ ပြန် လည် အပ်နှံသင့်သည်ဟု CDM ကျောင်းဆရာ တစ်ဦး က ပြောသည်။

ဖမ်းဆီးခံ ကျောင်းသူ/သား များ၏ မိဘများ၊ မိသားစုဝင်များ နှင့် ဒေသခံများက ၎င်းတို့၏ ကလေးများကို နှိပ် စက် ရိုက်နှက်ခြင်းနှင့် အမှုဆင် လုပ်ကြံကာ ပုဒ်မမျိုးမျိုးတပ်ပြီး အမှုဖွင့် တရားစွဲ ထောင်ချမည်ကို စိုးရိမ် နေ ကြသည် ဟု ပြောသည်။

စစ်ကောင်စီ က ဖမ်းဆီးထားသည် အထက်တန်း ကျောင်းသူ/သား ကလေးများကို ပုသိမ်မြို့၊ မဟာဗန္ဓုလ လမ်း မကြီးရှိ တိုင်းရဲတပ်ဖွဲ့မှူး ရုံးရှေ့ရှိ မြို့မရဲစခန်းတွင် ချုပ်နှောင်ပြီး စစ်ဆေးမှုများ လုပ်ဆောင်နေသည် ဟု ဒေသခံ သတင်း အရင်းအမြစ်များ၏ ပြောပြချက်အရ သိရသည်။