ကွမ်းသီးတင်ကားနှင့် လိုက်ပါလာသော ပျူစောထီး အဖွဲ့ဝင် တစ်ဦး ပစ်သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်။
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း ကွမ်းသီးတင်ကားဖြင့် လိုက်ပါလာသော ပျူစောထီးအဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွား သည်။
လောင်းလုံးမြို့နယ်၊ ကျောက်ဆင် ကျေးအုပ်စု၊ သဘော့ဆိပ်ကျေးရွာနှင့် ကျောက်ဆင်ကျေးရွာသွား လမ်းပိုင်း တနေရာတွင် ပျူစောထီးအဖွဲ့ဝင် ကိုထွန်းထွန်းနိုင် အသက် ၃၅ နှစ်သည် နိုဝင်ဘာလ ၁၅ ရက်နေ့၊ နံနက် ၆ နာရီခွဲ အချိန်ခန့်က သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
အသက် ၃၅ နှစ်အရွယ် သဘော့ဆိပ်ရွာသား တစ်ဦးက “သေနတ်သံ တချက်ချင်း ဆက်တိုက် လေး ငါး ချက် ပစ် သံ ကြားရတယ်။ ကားပေါ်မှာတင် သေသွားတာ” ဟု ပြောသည်။
အပစ်ခံရသည့် နေ့ နံနက်ပိုင်းမှာပင် သေဆုံးသွားသူ၏ ရုပ်အလောင်းကို အရေးပေါ် လူနာတင်ကားဖြင့် ထားဝယ် မြို့မှ လာရောက်သယ်သူသွားသည်ဟု ၎င်း သဘော့ဆိပ်ရွာသား က ပြောသည်။
သေနတ်ဖြင့် ပစ်သတ်ခံသူ ကိုထွန်းထွန်းနိုင်သည် လူသတ် ဓားပြတိုက်မှုတို့တွင် ပါဝင်နေပြီး၊ ငါးဖမ်းလှေများ ကို လည်း ဆက်ကြေး အခွန်ငွေ လိုက်လံတောင်းခံကာ ကိုယ်ကျိုးအတွက် အသုံးပြုနေသည်ကို တိုင်ကြားချက် များ နှင့် သက်သေအထောက်အထားများ ခိုင်လုံစွာ ရရှိထားသဖြင့် စစ်ဆေးရန် ဖမ်းဆီးစဉ် အဖမ်းမခံဘဲ ခုခံထွက် ပြေးရန် ကြိုးစားခဲ့သည်ဟု ဆိုသည်။
ပျူစောထီးခေါင်းဆောင် ဦးလေး၏ တပည့်အရင်းဖြစ်သူ ကရင်ကြီးရွာသား ကိုထွန်းထွန်းနိုင်သည် ကွမ်းသီးတင် ကားဖြင့် လိုက်ပါလာစဉ် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက တားဆီးစစ်ဆေးပြီးနောက် သေနတ်ဖြင့် ပစ်သတ်ခံရခြင်း ဖြစ်သည်။
သေဆုံးသူ ကိုထွန်းထွန်းနိုင်သည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျေးရွာအတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာ သည့် အချိန်များတွင် ကိုယ်တိုင် လက်နက်ကိုင်ဆောင် လိုက်ပါနေတတ်သဖြင့် ရွာသားများက ၎င်းနှင့် အရော တဝင် ပေါင်းသင်းဆက်ဆံခြင်းကိုပင် ရှောင်ကျဉ်ကြသည်ဟု ဒေသခံများက ပြောသည်။
ကိုထွန်းထွန်းနိုင်အား သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းမှုကို DDT တပ်ခွဲ (၃)၊ (ထားဝယ်-ပကဖ)၊ DGRF (ထားဝယ်- ပကဖ)၊ LLPDF (လောင်းလုံး – ပကဖ) အဖွဲ့တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး သေနတ်ကျည် ၆ တောင့် အသုံးပြုခဲ့ရသည်ဟု DDT အဖွဲ့က ထိုနေ့ ညနေပိုင်းမှာပင် သတင်းထုတ်ပြန်ထားသည်။
ခုခံထွက်ပြေးရန် ကြိုးစားခဲ့သဖြင့် ယခုကဲ့သို့ ရှင်းလင်းလိုက်ရသည်ဟု DDT အဖွဲ့၏ ထုတ်ပြန်ချက်တွင် ထည့်သွင်း ရေးသားထားသည်။