တိမ်းရှောင်နေသည့် သတင်းပေးဆိုသူ သေနတ်ဖြင့် ပစ်ခံရ

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်။

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်တွင် တိမ်းရှောင်နေသည့် စစ်ကောင်စီ သတင်းပေးဆိုသူတစ်ဦး ပစ်ခတ် ခံရပြီး ခြေထောက်တွင်ဒဏ်ရာရသွားသည်။

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ကျေးရွာတွင် နေအိမ်တွင်မနေဘဲ တိမ်းရှောင်နေသည့် စစ်တပ် သတင်းပေးတစ်ဦး နိုဝင်ဘာလ ၁၄ ရက်နေ့၊ နံနက် ၆ နာရီအချိန်ခန့်က တိတ်တဆိတ် နေအိမ်သို့ ပြန်ချိန် သေနတ် ဖြင့် ပစ်ခတ်ခံရပြီး ခြေထောက်ထိမှန်ခဲ့ခြင်း ဖြစ်သည်ဟု ရွာသားများက ပြောသည်။

ညောင်ဇင်ရွာသား ကိုနိုင် အသက် ၄၇ နှစ်သည် နေအိမ်တွင် နေထိုင်ခြင်းမရှိဘဲ ရက်အတန်ကြာ တိမ်းရှောင် နေ ရာမှ ပစ်ခတ်မခံရမှီညက တိတ်တဆိတ် အိမ်သို့ပြန်လာအိပ်ရာ နောက်နေ့နံနက်တွင် ဆိုင်ကယ်ဖြင့် ရောက်ရှိလာ သည့် လူ ၂ ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ယခုသေနတ်ဖြင့် ပစ်ခတ်ခံရသူသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များထံ သတင်းပေးပို့ခြင်းနှင့် အတူသွားလာနေထိုင် ခြင်းများ မလုပ်ရန် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ သတိပေးခံရပြီးသည့်နောက် နေအိမ်တွင် နေထိုင် ခြင်း မပြုတော့ဘဲ တိမ်းရှောင်နေခဲ့ခြင်းဖြစ်သည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသည့် ကိုနိုင်အား ရပ်ရွာမှ အရေးပေါ်လူနာတင်ကားဖြင့် ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြပြီး အသက်သေဆုံးမှု မရှိခဲ့သော်လည်း ခြေထောက် ကျည်ထိမှန်ဒဏ်ရာကြောင့် ဆေးကုသမှု ခံယူနေရသည်ဟု ဒေသခံအမျိုးသမီးတဦး က ပြောသည်။

ဒေသခံ အမျိုးသမီးတစ်ဦးက “မနက်အစောကြီး သေနတ်သံ တချက်ကြားလိုက်ရတယ်။ လူကတော့ မသေဘူး။ တမင် သတိပေး ခြောက်လှန့်ပြီး ပစ်သွားတာဖြစ်မယ်၊ သူက သတင်းပေးဆိုပြီး နာမည်ကြီးနေတာ ကြာပြီ” ဟု ပြောသည်။

ပစ်ခတ်ခံရသူမှာ ဆိုင်ကယ်ကယ်ရီမောင်းနှင်နေပြီး စစ်ကောင်စီ စစ်ဆေးရေးဂိတ်ရှိ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း ကာ လမ်းသွားလမ်းလာ သူများထံမှ ငွေကြေး ကောက်ခံပေးနေသည့်အပြင် ကျေးရွာအတွင်းရှိ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သည့် တက်ကြွလှုပ်ရှားသူများနှင့် ပတ်သက်၍လည်း သတင်းပေးနေသူ ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။ သတင်းနှင့် မီဒီယာ ကွန်ရက်မှ သတင်းပေး ဟုတ်မဟုတ်ကို သီးခြား အတည်မပြုနိုင်ပါ။

ထို့အပြင် စစ်တပ်က အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီတပ်ဖွဲ့များသည် ကျေးရွာအတွင်း ၎င်းတို့အား တော်လှန်ရေး လှုပ်ရှားနေသူ အချို့ကို နေအိမ်များတွင် ဝင်ဖမ်းသည့် အခါများတွင်လည်း လမ်းပြပေးကာ ဖမ်း ဆီးမည့် အိမ်နှင့်မနီးမဝေးတွင် အမြဲရှိနေတတ်သူ ဖြစ်သည်ဟုလည်း ဒေသခံများက ဆိုသည်။

အလားတူ ပေါက်တိုင်းတံတား မဖြတ်ရဲသည့် သူများနှင့် ဆိုင်ကယ် အဖမ်းခံရသူများထံမှလည်း ငွေကြေးများ တောင်းယူကာ ပွဲစားလုပ်နေသူဖြစ်သည်ဟုလည်း ဒေသခံများက ဆိုသည်။